ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ယူကရိန်းမှာ အနည်းဆုံး လူ ၂၅ ဦး သေဆုံးခဲ့တယ်လို့ ယူကရိန်းဘက်က တရားဝင်ထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ မတ်လ ၇ ရက် ညနှောင်းပိုင်းက ဒွန်းညက်ဒေသအနီးမှာ ရုရှားဘက်က ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တွေကြောင့် အနည်းဆုံး လူ ၁၁ ဦးသေဆုံးခဲ့ပြီး လူ ၄၀ လောက် ဒဏ်ရာရခဲ့တာပါ။

ရုရှားဘက်က ပစ်ခတ်လိုက်တဲ့ ဒုံးကျည်နှစ်လုံးက လူနေအဆောက်အဦ ရှစ်ခုနဲ့ ဈေးဝယ်စင်တာတစ်ခုကို ထိမှန်ခဲ့တယ်လို့ ဒေသအာဏာပိုင်တွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။ဒါ့အပြင် မတ်လ ၇ ရက်နဲ့ ၈ ရက်တွေမှာလည်း တခြားလကြောင်းတိုက်ခိုက်မှုတွေကြောင့် ယူကရိန်း ၉ ဦးခန့် သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ ခါကိဒေသမှာလည်း မတ်လ ၈ ရက်က ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုကို ခံခဲ့ရပြီး ၃ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။အမေရိကန်က ယူကရိန်းကို စစ်ဘက်ဆိုင်ရာ အထောက်အပံ့တွေနဲ့ ထောက်လှမ်းရေးအချက်အလက်တွေ ပေးနေတာကို ရပ်ဆိုင်းလိုက်ပြီးနောက်ပိုင်း ရုရှားရဲ့ တိုက်ခိုက်မှုတွေ ပိုပြင်းထန်လာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းသုံးပတ်အတွင်း ရုရှားဟာ အိုဒီဆာ ဒေသတွင်းက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ၇ ကြိမ်အထိ တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းစွမ်းအင် ကုမ္ပဏီတစ်ခုက ပြောပါတယ်။ တစ်ဖက်မှာလည်း ယူကရိန်းက ရုရှားဘက်ကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ဆက်လုပ်နေပြီး တစ်ညအတွင်းမှာ ယူကရိန်းရဲ့ တိုက်ခိုက်ရေးဒရုန်း ၃၁ ခုကို ကြားဖြတ်ပစ်ချခဲ့ရတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။