ရုရှားအပေါ် အပြင်းထန်ဆုံး ပိတ်ဆို့အရေးယူရေး အစီအစဥ်ကို ဥရောပကောင်စီနဲ့ ဥရောပသမဂ္ဂ(အီးယူ)က သဘောတူ အတည်ပြုလိုက်ကြောင်း အီးယူနိုင်ငံခြားရေးနဲ့လုံခြုံရေးဆိုင်ရာအကြီးအကဲ ကာယာ ကားလတ်စ်က သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားတာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။

အဲဒီ ပိတ်ဆို့အရေးယူရေး အစီအစဥ်ဟာ ရုရှားအပေါ် အီးယူရဲ့ (၁၈)ကြိမ်မြောက် ပိတ်ဆို့မှုဖြစ်သလို အပြင်း ထန်ဆုံး အရေးယူမှုတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။

ရုရှားရဲ့စစ်အသုံးစရိတ်ကို ထပ်မံ ဖြတ်တောက်လျှော့ချနိုင်ဖို့အတွက် ရုရှားရေနံတွေကို တရားမဝင် သယ်ယူ ပို့ဆောင်ပေးနေတဲ့ ရေနံတင်သင်္ဘော ၁၀၅ စင်းကို ပိတ်ဆို့မှာဖြစ်သလို ရုရှား ရေနံစျေးနှုန်းကို တစ်စည်ကို ဒေါ်လာ ၆၀ ကနေ ဒေါ်လာ ၄၀ ကျော်အထိ လျှော့ချသွားမှာ ဖြစ်ပါတယ်။

နိုင်ငံတကာ ငွေကြေးစျေးကွက်မှာ ငွေပို့ငွေလွှဲ ဆက်လက် အသုံးပြုခွင့် ရနေဆဲဖြစ်တဲ့ ရုရှားဘဏ်၂၀ ကျော်ကို နိုင်ငံတကာ ငွေကြေးစနစ် အသုံးပြုမှုကနေ ဖြတ်တောက်မှာဖြစ်သလို ရုရှားကို ကူညီပေးနေတဲ့ တရုတ်ဘဏ် တွေကိုပါ ဖိအားပေး ပိတ်ဆို့မှုတွေ ပါမယ်လို့ ကာယာ ကားလတ်စ်က ပြောပါတယ်။

ဒါ့အပြင် Nord Stream ပိုက်လိုင်း အစီအစဥ်ကို ပိတ်သိမ်းမှာဖြစ်သလို ယူကရိန်း ကလေးငယ်တွေကို မတရား ဖမ်းဆီး ခေါ်ဆောင်မှုမှာ ပါဝင် ပတ်သက်သူတွေကိုလည်း ပိတ်ဆို့ အရေးယူသွားမယ်လို့ ကာယာ ကားလတ်စ်က သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
အီးယူရဲ့ပိတ်ဆို့မှုအသစ်ဟာ ရုရှားနဲ့ တရုတ်ဘဏ်တွေသာမက အိန္ဒိယရှိ ရုရှားရဲ့ Rosneft ရေနံသန့်စင်စက်ရုံ စီမံကိန်းတွေနဲ့ အဲဒီစက်ရုံနဲ့ ပတ်သက်နေတဲ့ သင်္ဘောလိုင်းတွေကိုပါ တိုက်ရိုက် ထိခိုက်လိမ့်မယ်လို့ ဥရောပ သတင်းတွေက ဖော်ပြထားပါတယ်။