ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ မော်စကိုမြို့တော်ကို ရောက်ရှိလာတဲ့ တရုတ်ဝန်ကြီးချုပ် လီကျန်းကို ဗုဒ္ဓဟူးနေ့ က ကရင်မလင်နန်းတော်မှာ လက်ခံတွေ့ဆုံပါတယ်။
အဲဒီတွေ့ဆုံမှုမှာ ပူတင်က ရုရှား-တရုတ် နှစ်နိုင်ငံမှာ ကြီးမားတဲ့အတိုင်းအတာနဲ့ ပူးတွဲ အစီအစဉ်တွေ၊ စီးပွားရေးနဲ့ လူသားချင်းစာနာမှု ကိစ္စရပ်တွေမှာ စီမံကိန်းတွေ ရှိထားပြီး အဲဒီစီမံကိန်းတွေ နှစ်များစွာ ရှည်ကြာတည်တံ့နေဖို့ မျှော်လင့်ကြောင်း သမ္မတ ပူတင်က ပြောသွားခဲ့ပါတယ်။
တရုတ်ဝန်ကြီးချုပ် လီကျန်းကလည်း ပြန်လည်ဆွေးနွေးရာမှာ ရုရှားနဲ့တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးဟာ တရုတ်သမ္မတ ရှီကျင်းပင်နဲ့ ရုရှားသမ္မတ ပူတင်တို့ရဲ့ မဟာဗျူဟာမြောက် ခေါင်းဆောင်မှုအောက်မှာ အရင်က မရှိခဲ့ဖူးတဲ့ အနေအထားနဲ့ အမြင့်မားဆုံးအဆင့်ကို ရောက်ရှိနေကြောင်း ပြောသွားခဲ့ပါတယ်။

မော်စကိုမှာ လုပ်တဲ့ ဆွေးနွေးမှုတွေ အပြီးမှာ တရုတ်ဝန်ကြီးချုပ်လီကျန်းနဲ့ ရုရှားဝန်ကြီးချုပ် မီးခေးလ် မီရှုစတင်တို့ဟာလည်း အပြန် အလှန်ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် အများအပြားကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
လက်မှတ် ရေးထိုးခဲ့တဲ့ သဘောတူစာချုပ်တွေထဲမှာ ရုရှား-တရုတ် ပူးတွဲ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်လည်း ပါဝင်ခဲ့ပါတယ်။
ရုရှားသမ္မတပူတင်နဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့ဟာ ပြီးခဲ့တဲ့ မေလအတွင်းက တွေ့ဆုံခဲ့ကြရာမှာ ကျယ်ပြန့်တဲ့ မဟာဗျူဟာ မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုနက်ရှိုင်းစေပြီး ခေတ်သစ် တစ်ခုထဲကို ဝင်ရောက်ကြဖို့ သဘောတူခဲ့ကြပါတယ်။