ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်တို့ဟာ ကရင်မလင်မှာ တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံရာမှာ ရုရှားသမ္မတက ယူကရိန်းနဲ့ နှစ်နှစ်ခွဲကြာ ပဋိပက္ခကို အဆုံးသတ်ရေး၊ ငြိမ်းချမ်းရေးအဆိုပြုချက် တွေရဲ့ ကွဲပြားချက်တွေကို ဆွေးနွေးဖို့ အသင့်ရှိကြောင်း ပြောဆိုခဲ့ပါတယ်။ ဟန်ဂေရီဟာ ဥရောသမဂ္ဂရဲ့ ဥက္ကဋ္ဌ ရာထူးကို တနင်္လာနေ့က အလှည့်ကျ ခြောက်လကြာ ရယူခဲ့ပါတယ်။
အဲဒီနောက် ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန်ဟာ ယူကရိန်းကို ဦးစွာ သွားရောက်ခဲ့ပြီး ကိယက်ဗ်မှာ သမ္မတ ဇယ်လန်းစကီးနဲ့တွေ့ဆုံကာ တခြား လက်ယာယိမ်းအမျိုးသားရေးဝါဒီတွေနဲ့ မဟာမိတ် ဖွဲ့ခဲ့ပါတယ်။

အဲဒီနောက် ယူကရိန်းအတွက် နောက်ထပ် စစ်ရေးအကူအညီတွေပေးမယ့် နေတိုးထိပ်သီးအစည်းအဝေးမတိုင်ခင် ရက်ပိုင်းအလိုမှာ မော်စကိုကို ငြိမ်းချမ်းရေး ခရီးစဉ်အဖြစ် သွားရောက်ခဲ့တာပါ။

ယူကရိန်းအနေနဲ့ သူ့ရဲ့နေတိုးထဲဝင်ဖို့ ရည်မှန်းချက်တွေကို စွန့်လွှတ်ပြီး မော်စကိုက တောင်းဆိုထားတဲ့ ပြည်နယ်လေးခုကို လွှဲပြောင်းပေးဖို့ သဘောတူရင် အထူးစစ်ဆင်ရေးကို အဆုံး သတ် မယ်လို့ ပူတင်က လွန်ခဲ့တဲ့လက ပြောဆိုခဲ့ပါတယ်။
ဒါဟာ လက်နက်ချခိုင်းတာပဲလို့ ကိယက်ဗ်ကပြောဆိုပြီး ပယ်ချလိုက်ပါတယ်။ အော်ဘန်းအနေနဲ့ မော်စကိုကိုသွားပြီး ရွှေပြည်အေးစကား မပြောဖို့ အီးယူခေါင်းဆောင်တွေ က တောင်းဆိုထားပြီး အော်ဘန်းက မော်စကိုနဲ့ ငြိမ်းချမ်းရေးပဲဆွေးနွေးမှာဖြစ်ကာ အီးယူကိုယ်စား စကားမပြော ဘူးလို့ အခိုင်အမာ ကတိပေးခဲ့ပါတယ်။
ဥရောပကော်မရှင် ဥက္ကဋ္ဌ ဗွန်ဒါလီယန်ကတော့ အဖွဲ့ဝင်နိုင်ငံအတွင်း စည်းလုံးညီညွတ်ပြီး ဆုံးဖြတ်ချက်ချနိုင်မှသာ ယူကရိန်းမှာ တရားမျှတပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးဆီ လမ်းခင်းပေးနိုင်မယ်လို့ ပြောဆိုခဲ့ပါတယ်။