ယူကရိန်းနိုင်ငံကို ထောက်ပံ့တဲ့ ပရဟိတအဖွဲ့ကို ငွေကြေးလှူဒါန်းမှုအရ နိုင်ငံတော်သစ္စာဖောက်မှုနဲ့ အပြစ်ရှိ ကြောင်း ဆုံးဖြတ်ပြီး ရုရှားဖွား အမေရိကန်သူ ကဆီနီယာ ကာရီလီနာကို ရုရှားတရားရုံးက ထောင်ဒဏ် (၁၂) နှစ် ချမှတ်လိုက်ပါတယ်။
လော့စ်အိန်ဂျလိစ်မှာ နေထိုင်တဲ့ ကာရီလီနာဟာ ယီကာတာရင်ဘာ့ဂ်မြို့က တံခါးပိတ် ရုံးတင်စစ်ဆေးမှုမှာ အပြစ်ရှိကြောင်း ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီ ၂၄ ရက်မှာ ကာရီလီနာ ဟာ ယူကရိန်းတပ်မတော်အတွက် နည်းဗျူဟာဆိုင်ရာ ဆေးဝါးပစ္စည်းတွေ၊ စက်ကိရိယာတွေ ဝယ်ယူဖို့ အသုံးပြု ခဲ့တဲ့ ယူကရိန်းအဖွဲ့အစည်းတစ်ခုကို ရန်ပုံငွေတွေ လွှဲပြောင်းပေးခဲ့တယ်လို့ တရားရုံးက ပြောပါတယ်။
ယူကရိန်း က ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို လူသားချင်းစာနာမှု အကူအညီတွေပေးနေတဲ့ နယူးယောက်အခြေစိုက် ပရဟိတအဖွဲ့အစည်းဖြစ်တဲ့ Razom ကို ဒေါ်လာ ၅၁ ဒသမ ၈၀ လှူဒါန်းခဲ့တယ်လို့ သူမရဲ့ ထောက်ခံသူတွေက ပြောပါတယ်။
ပရဟိတအဖွဲ့ကတော့ ယူကရိန်းတပ်မတော်အတွက် ဘယ်လို ပံ့ပိုးကူညီမှုမျှ မရှိဘူးလို့ ငြင်းဆို ထားပါတယ်။ ကာရီလီနာဟာ ရုရှားမှာမွေးဖွားခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ အမေရိကန်ကို ပြောင်းရွှေ့အခြေချကာ ၂၀၂၁ ခုနှစ်မှာ အမေရိကန် နိုင်ငံသားဖြစ်ခွင့် ရခဲ့ပါတယ်။
သူမဟာ ဒီနှစ်ဆန်းမှာ ယီကာတာရင်ဘာ့ဂ်က မိသားစုထံ လေကြောင်းက လာရောက်ပြီးနောက် ရုရှားထောက်လှမ်းရေးရဲ့ ဖမ်းဆီးတာ ခံခဲ့ရတာဖြစ်ပါတယ်။