အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် ကျမ်းသစ္စာကျိန်ဆိုဖို့ သုံးရက်အလိုမှာ ရုရှားနဲ့အီရန်တို့ဟာ ကျယ်ပြန့်တဲ့ မိတ်ဖက်သဘောတူစာချုပ်တစ်ခုကို ချုပ်ဆိုလိုက်ကြပါတယ်။ အဲဒီစာချုပ်ပေါ်ပေါက်ရေး လပေါင်း များစွာ အချိန်ယူပြင်ဆင်ခဲ့ရာက သောကြာနေ့မှာ ရုရှားနဲ့အီရန်တို့ လက်မှတ်ရေးထိုးလိုက်ကြတာပါ။

ဒါဟာ ယူကရိန်းစစ်မြေပြင်ကို ပုံဖော်ခဲ့တဲ့ မိတ်ဖက်ဆက်ဆံရေးတစ်ခုအပေါ် ပြန်လည်အာရုံစူးစိုက်တဲ့ အရွေ့ဖြစ်သလို အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာ အခင်းအကျင်းကို ဆက်လက် စိန်ခေါ်တဲ့ အရွေ့လည်း ဖြစ်ပါတယ်။ ဒါ့အပြင် အသစ်တက်လာမဲ့ အမေရိကန်အစိုးရသစ်က ရုရှားနဲ့ ထိတွေ့မှုတွေ ကြီးကြီးမားမား လုပ်သွားဖို့ ကြွေးကြော်ထား ချိန်မှာ ပေါ်ပေါက်လာတဲ့ စာချုပ်လည်း ဖြစ်ပါတယ်။ ရုရှားနဲ့အီရန်တို့ဟာ ရှုပ်ထွေးတဲ့အတိတ်တွေ တူညီစွာ ရှိနေကြပြီး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့ကြရာမှာ မယုံကြည်မှုတွေရှိခဲ့ပေမဲ့ ယူကရိန်းစစ်ပွဲဟာ မော်စကိုနဲ့တီဟီရန်ကို ပိုမိုနီးစပ်စေခဲ့ပါတယ်။

နှစ်နိုင်ငံစလုံးက အမေရိကန်ပြည်ထောင်စုကို ရန်သူအဖြစ် သတ်မှတ်ရုံမဟုတ်ဘဲ နိုင်ငံခြားရေးမူဝါဒရဲ့ မဟာဗျူဟာ ရည်မှန်းချက် တစ်ခုအဖြစ် သတ်မှတ်တာက သူတို့ နှစ်နိုင်ငံကို နီးကပ်စေခဲ့တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။ ယူကရိန်းမှာ အထူးစစ်ဆင်ရေး ဆင်နွှဲပြီး ငါးလအကြာ ၂၀၂၂ ခုနှစ် ဇူလိုင်မှာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ ပထမဆုံးအဖြစ် တီဟီရန်ကို သွားရောက်လည်ပတ်ခဲ့ပါတယ်။