ရုရှားသမ္မတရဲ့ တိုက်ရိုက်ဆွေးနွေးမှု အဆိုပြုချက်ကို ချက်ချင်းလက်ခံဖို့ အဆင်သင့်ဖြစ်နေပြီ ဖြစ် ကြောင်း ယူကရိန်းသမ္မတက ပြောကြားလာတာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။ ရုရှား သမ္မတ ဗလာဒီမာပူတင်က မေလ(၁၅)ရက် အစ္စတန်ဘူလ်မှာ ယူကရိန်းနိုင်ငံနဲ့ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးဖို့ အဆိုပြုခဲ့တယ်လို့ ဆိုပါတယ်။

” ပဋိပက္ခဖြစ်စေတဲ့ အခြေခံဖြစ်အင်တွေကို ဖယ်ရှားပြီး တာရှည်တည်တံ့ခိုင်မာတဲ့ငြိမ်းချမ်းရေးဆီ ဦးတည်ဖို့ အတည်အတံ့ ဆွေးနွေးပွဲတွေကို ကျွန်တော်တို့ ပြုလုပ်လိုပါတယ်” လို့ ရုရှားသမ္မတက ကရင်မလင်နန်းတော်မှာ ပြုလုပ်တဲ့ ရုပ်သံမိန့်ခွန်းတစ်ခုမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။

ခြွင်းချက်မရှိ ရက် ၃၀ အပစ်အခတ်ရပ်စဲရေး သဘောတူဖို့ ဒါမှမဟုတ် ကြီးမားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှု အသစ်ကို ရင်ဆိုင်ဖို့ ဥရောပအင်အားကြီးနိုင်ငံတွေက မေလ ၁၀ ရက်က တောင်းဆိုခဲ့ပြီးနောက် အခုလို ပူတင်ဘက်နေ ရှားရှားပါးပါး အကြံပြုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ရက်ပေါင်း ၃၀ အပစ်အခတ် ရပ်စဲရေးကို မော်စကိုက သဘောတူရင် ယူကရိန်းက ဆွေးနွေးပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ သမ္မတ ဇယ်လန်းစကီးက ပြောကြားခဲ့ပါတယ်။