ရုရှားနျူကလီးယားရန်ကာကွယ်ရေးတပ်ဖွဲ့ရဲ့တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး အီဂေါ ကီရီလ်လော့ဗ်ဟာ ရုရှားနိုင်ငံမြို့တော် မော်စကိုမှာ အင်္ဂါနေ့က ဗုံးပေါက်ကွဲမှုတစ်ခုအတွင်း သေဆုံးသွားပါတယ်။ အဲဒီရုရှား စစ်ဗိုလ်ချုပ်ကို ဗုံးဖောက်ခွဲ သတ်ဖြတ်နိုင်ခဲ့တယ်လို့ ယူကရိန်းနိုင်ငံက ထုတ်ဖော်ပြောကြားထားပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး အီဂေါ ကီရီလ်လော့ဗ်ဟာ အိမ်ရာအဆောက်အဦတစ်ခုရဲ့ ဝင်ပေါက်ကို ရောက်ရှိနေချိန်မှာ လျှပ်စစ်စကူတာ တစ်စီးထဲ လျှို့ဝှက် တပ်ဆင်ထားတဲ့ ဖောက်ခွဲရေးပစ္စည်း ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ ကီရီလ်လော့ဗ်ကို ဦးတည် ဖောက်ခွဲခဲ့တဲ့ ဗုံးကို အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ ရုရှားမီဒီယာတွေမှာ ရေးသားဖော်ပြနေ ပါတယ်။ သတင်းဓာတ်ပုံတွေမှာ လက်ကိုင်ဟန်ဒဲလ် ပေါက်ကွဲပျက်စီးနေတဲ့ စကူတာတစ်စီးကိုလည်း တွေ့မြင် ရပါတယ်။

ကီရီလလ်လော့ဗ်ကို ယူကရိန်းစစ်မြေမှာ တားမြစ်ထားတဲ့ ဓာတုလက်နက်တွေကို အသုံးပြုမှုနဲ့ ယူကရိန်းမြို့တော် ကိယက်ဗ်မှာ တနင်္လာနေ့က စွဲချက်တင် တရားစွဲဆိုထားပါတယ်။ သူဟာ ပထမကမ္ဘာစစ်တုန်းက အသုံးပြုခဲ့ဖူးတဲ့ ကလိုရိုပစ်ရင်း လို့ခေါ်တဲ့ ဓာတုဓာတ်ငွေ့တစ်မျိုးကို ယူကရိန်းတပ်ဖွဲ့တွေအပေါ်မှာ အသုံးပြုတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။ ကီရီလ်လော့ဗ်ဟာ ဗြိတိန်နိုင်ငံရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကိုလည်း ခံထားရသူ ဖြစ်ပါတယ်။