ယူကရိန်းကတစ်ဆင့် ဥရောပကို ရုရှားဓာတ်ငွေ့ တင်ပို့မှုအတွက် ဖြတ်သန်းရာလမ်းကြောင်း လည်ပတ်နေဆဲ ဖြစ် တယ်လို့ ယူကရိန်းစွမ်းအင်ဝန်ကြီး ဂါမန်ဂလူရှချန်ကိုက ပြောပါတယ်။
ဆပ်ဇာဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေး စခန်းမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် သြဂုတ် ၈ ရက်က ပြောဆိုခဲ့တာဖြစ်ပြီး ဓာတ်ငွေ့ဖြတ်သန်းမှု အခြေ အနေနဲ့ ပတ်သက်လို့တော့ ရုရှားကို ဆက်သွယ်မေးမြန်းတာ မရှိသေးဘူးလို့ ဆိုပါတယ်။
စစ်ပွဲစတင်ကတည်းက ရုရှားပိုင်နက်အတွင်း အကြီးမားဆုံး ဝင်ရောက်မှုတစ်ခုဖြစ်တဲ့ ဆပ်ဇာက သဘာဝဓာတ်ငွေ့ပို့လွှတ်ရာ အချက်အချာအနီး နယ်စပ်ကို ထိုးဖောက်လာတဲ့ ယူကရိန်းတပ်ဖွဲ့တွေနဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ရုရှားက သြဂုတ် ၇ ရက်မှာ ပြောပါတယ်။

ရုရှားနိုင်ငံ ကုစ်ဒေသက ဆပ်ဇာ ဓာတ်ငွေ့လွှဲပြောင်းမှုနဲ့ တိုင်းတာရေး စခန်းတွေဟာ ဥရောပကို ပို့ဆောင်ဖို့ ယူကရိန်းဓာတ်ငွေ့ပိုက်လိုင်းထဲ ရုရှားသဘာဝဓာတ်ငွေ့တွေရဲ့ တစ်ခုတည်းသော ဝင်ပေါက်နေရာဖြစ်ပါတယ်။
ယူကရိန်းသဘာဝဓာတ်ငွေ့ ဖြန့်ဖြူးရေး အော်ပရေတာက ရုရှား သဘာဝ ဓာတ်ငွေ့တွေ ယူကရိန်းကတစ်ဆင့် ဥရောပကို ပုံမှန်အတိုင်း ဆက်လက် ဖြတ်သန်းနေတယ်လို့ ပြောဆိုထားပါတယ်။
အဲဒီလို ဓာတ်ငွေ့ဖြတ်သန်းပို့ဆောင်ရေး သဘောတူညီချက်ဟာ ၂၀၂၄ ခုနှစ်မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး ဒါကို သက်တမ်းတိုးဖို့ ဒါမှမဟုတ် စာချုပ်အသစ်ချုပ်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ကိယက်ဗ်က ပြောပါတယ်။