ရုရှားနိုင်ငံရဲ့ ဘောလ်တစ် ရေတပ်အုပ်စုက စစ်သင်္ဘောတစ်စင်းဟာ ဗင်နီဇွဲလားနိုင်ငံ လာဂိုင်ရာ ဆိပ်ကမ်းမြို့ကို အင်္ဂါနေ့က ဆိုက်ကပ်လာတယ်လို့ ဗင်နီဇွဲလားအခြေစိုက် ရုရှားသံရုံးကနေ ထုတ်ပြန်ပါတယ်။
အဲဒီစစ်သင်္ဘောဟာ ရုရှားနဲ့ ဗင်နီဇွဲလားနိုင်ငံတို့ကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုတွေကို အားပေးမြှင့်တင်ဖို့ ရှေ့ပြေးအဖြစ် ရောက်ရှိလာတာဖြစ်တယ်လို့ ပြောပါတယ်။

ရုရှားနဲ့ ဗင်နီဇွဲလား နိုင်ငံတို့ကြားမှာ စွမ်းအင်၊ ခရီးသွားလာမှု၊ စိုက်ပျိုး ရေးနဲ့ စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေမှာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
အဲဒီ စမိုနီ စစ်သင်္ဘောဟာ ဗင်နီဇွဲလားနိုင်ငံကို ရောက်မလာခင် ရုရှားနဲ့ အဓိက မဟာမိတ်နိုင်ငံတစ်ခုဖြစ်တဲ့ ကျူးဘား နိုင်ငံကို ဆိုက်ကပ်ခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ ဇူလှိုင်လတုန်းကလည်း ဗင်နီဇွဲလားနိုင်ငံကို ရုရှား စစ်သင်္ဘော အများအပြား ကျောက်ချ ရပ်နားမှုတွေ ရှိခဲ့ပြီး အဲဒါက နှစ်နိုင်ငံကြားမှာ စစ်ရေးနည်းပညာပူးပေါင်း ဆောင်ရွက်မှု တွေ ရှိနေတာကို ပြသခဲ့ပါတယ်။