ရုရှားဟာ မိမိတိုနိုင်ငံနဲ့ ဥရောပသမဂ္ဂ(EU)နိုင်ငံအားလုံးကို တိုက်ရိုက်ခြိမ်းခြောက်နေကြောင်း ပြင်သစ်သမ္မတ အီမန်နွယ်မက်ခရွန်က သတိပေးခဲ့ပြီး ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ကြဖို EU အဖွဲဝင်တွေကို တိုက်တွန်းလိုက်ကြောင်း ရိုက်တာသတင်းဌာနက ဖေါ်ပြပါတယ်။မတ်လ ၅ ရက်နေ့မှာ မက်ခရွန်းက “ယူကရိန်းပဋိပက္ခကို ကမ္ဘာလုံးဆိုင်ရာပဋိပက္ခအဖြစ် ရုရှား ဆွဲခေါ်နေကြောင်း” စွပ်စွဲခဲ့ပါတယ်။

“ ဥရောပမှာ နိုင်ငံတစ်နိုင်ငံက သူ့အိမ်နီးချင်းကို ကျူးကျော်တာကို အလွတ်ပေးလိုက်ရင် ဘာကိုမှ မသေချာနိုင်တော့ဘူး။ အခု ရုရှားရဲ့ ခြိမ်းခြောက်မှုက ယူကရိန်းအပြင် ကျနော်တိုအပါအဝင် ဥရောပအားလုံးအထိ သက်ရောက်နေတယ်” လို မက်ခရွန်းက ပြောပါတယ်။ “သူ့ရဲ့စစ်အသုံးစရိတ်ရဲ့ ၄၀ ရာခိုင်နှုန်းကျော်ကို မော်စကိုအတွက်လျာထားပြီး၊ ရုရှားဟာ လာမယ့်၂၀၃၀ ပြည့်နှစ်အရောက်မှာ ရုရှားတပ်အင်အားတိုးချဲ့သွားဖို ရည်မှန်းချက်ကြီးကြီးထားရှိကြောင်း” ပြင်သစ်သမ္မတ မက်ခရွန်းက သတိပေးနှိးဆော်ထားပါတယ်။ “ဒါကြောင့် ဒီနေ့ ရုရှားဟာ ယူကရိန်းနဲ့တင် သူ့ကျူးကျော်မှုရပ်သွားမယ်ဆိုတာကို ဘယ်သူက ယုံနိုင်မှာလဲ” လို မေးခွန်းထုတ်ခဲ့ပါတယ်။ “ဒါပေမဲ့ အခုအချိန်မှာတော့ ဒါက ကျနော်ရင်ဆိုင်ရမှာ အမှန်ပါပဲ။ ဒီလို အန္တရာယ်များနေတဲ့ကမ္ဘာမှာအပျော်လွန်တာဟာ ရူးသွပ်ခြင်းပဲ ဖြစ်လိမ့်မယ်” လို မက်ခရွန်းက မှတ်ချက်ပေးပါတယ်။ ယူကရိန်းပဋိပက္ခအပေါ် အမေရိကန်ရပ်တည်ချက် ပြောင်းလဲလာမှုကို ပြင်သစ်ခေါင်းဆောင်က စိုးရိမ်ကြောင်း ထပ်လောင်းပြောခဲ့ပါတယ်။

အခုအခါ ကိယက်ဗ်ကို စစ်ရေးကူညီတာနဲ့ ထောက်လှမ်းရေးသတင်းဝေငှတာ ရပ်ဆိုင်းဖို သမ္မတဒေါ်နယ်ထရမ့်အစိုးရက ဆုံးဖြတ်ထားပါတယ်။ အဲဒီဆုံးဖြတ်ချက်ဟာ အိမ်ဖြူတော်မှာ ယူကရိန်းခေါင်းဆောင် ဇယ်လန်းစကီးနဲ့ ထရမ့်တိုအကြား ဟိုးလေးတကျော် စကားများခဲ့ပြီးနောက် ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ ဇယ်လန်းစကီးဟာ အမေရိကန်ကို မထီမဲ့မြင်ပြုပြီး ရုရှားနဲ့ ငြိမ်းချမ်းရေးယူဖို ဝန်လေးနေကြောင်း သမ္မတထရမ့်က စွပ်စွဲခဲ့ပါတယ်။ မက်ခရွန်းဟာ ရုရှားကို ဟန့်တားနိုင်စွမ်း ပိုမိုအားကောင်းစေလိုပြီး ကာကွယ်ရေးအတွက် အမေရိကန်အပေါ် မီခိုမှုနည်းပါးတဲ့ ဥရောပတပ်ပေါင်းစု ဖွဲဖို ဆန္ဒပြင်းပြနေပါတယ်။