ဆီးရီးယား သမ္မတဟောင်း ဘာရှာ အယ်လ် အာဆတ်က ရုရှားနိုင်ငံကို ထွက်ပြေးဖို့ အရင်ဆုံး မရည်ရွယ်ခဲ့ဘူးလို့ နိုင်ငံကနေ ထွက်ပြေးပြီး (၈)ရက်အကြာမှာ ပထမဆုံးအဖြစ် ထုတ်ဖေါ်ပြောဆိုပါတယ်။ တယ်လီဂရမ်ပေါ်က ဆီးရီးယား သမ္မတရုံး ချန်နယ်လ်မှာ တနင်္လာနေ့က အာဆတ်ရဲ့ အဲဒီပြောဆိုချက်ကို ထုတ်ပြန်လာတာဖြစ်ပြီး အဲဒီချန်နယ်ကို လက်ရှိမှာ ဘယ်သူက စီမံခန့်ခွဲနေသလဲ ၊ သူကိုယ်တိုင်ကပဲ အဲဒီလို ရေးတင်ထုတ်ပြန်ခဲ့တာလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ဆီးရီးယားနိုင်ငံ မြို့တော်ဒမတ်စကပ် သူပုန်လက်ထဲ ကျရောက်သွားချိန်မှာ သူဟာ လာတက်ကီယားမှာရှိတဲ့ ရုရှားစစ်အခြေစိုက်စခန်း တစ်ခုကို သွားရောက်ခဲ့ပြီး ဆီးရီးယားတပ်ဖွဲ့တွေ စွန့်ခွာသွားတဲ့ တပ်စခန်းနေရာတွေကို စစ်ဆေးကာ စစ်ဆင်ရေးတွေကို ကြီးကြပ်ဖို့ သွားရောက်ခဲ့ခြင်းသာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။ အဲဒီရုရှားတပ်စခန်းဟာ ပြင်းထန်တဲ့ဒရုန်းတိုက်ခိုက်မှုနဲ့ ရင်ဆိုင်ပြီးနောက် ရုရှားတွေက သူ့ကို မော်စကိုမြို့တော်ဆီ လေကြောင်းနဲ့ ပို့ဆောင်ဖို့ ဆုံးဖြတ်ခဲ့ကြတာလို့လည်း ရေးထားပါတယ်။

ဆီးရီးယားမြို့တွေ နဲ့ ပြည်နယ်တွေဟာ HTS ဦးဆောင်တဲ့ အတိုက်အခံ သူပုန်အုပ်စုတွေရဲ့ လက်ထဲ (၁၂) ရက်အတွင်း ကျရောက်သွားပြီးတဲ့နောက် အာဆတ်ကို ဆီးရီးယားမှာ မတွေ့ရတော့ဘဲ သူရဲ့ ဝန်ကြီးချုပ်ကိုယ်တိုင်က အဆက်အသွယ်လုပ်မရတဲ့နောက် အာဆတ် နိုင်ငံကနေ ထွက်ပြေးသွားပြီလို့ ယူဆမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီဇင်ဘာ (၉)ရက်နေ့မှာတော့ ရုရှားအစိုးရပိုင် မီဒီယာက အာဆတ်ကို မော်စကိုမှာ ခိုလှုံခွင့်ပေးလိုက်ကြောင်း ကြေညာလာခဲ့ပါတယ်။ ဆီးရီးယားမှာ အာဆတ်ပြုတ်ကျသွားပြီးတဲ့နောက် ဆီးရီးယားအတိုက်အခံသူပုန်တွေဟာ အသွင်ကူးပြောင်းရေး အစိုးရတစ်ရပ်ကို ဖွဲ့စည်းတည်ထောင်နေကြပါတယ်။