ရီပတ်ဘလီကန်ပါတီကိုယ်စားပြု ဒုသမ္မတလောင်းအဖြစ် ဒေါ်နယ်ထရမ့်က ရွေးချယ်လိုက်တဲ့ ဂျေဒီဗန့်စ်ဟာ ပါတီညီလာခံ တတိယနေ့ ညဖြစ်တဲ့ ဗုဒ္ဓဟူးနေ့မှာ ဒုသမ္မတလောင်းအဖြစ် ခန့်အပ်မှုကို လက်ခံပြီး မိန့်ခွန်းတစ်ရပ် ပြေကြားခဲ့ပါတယ်။

မီးလ်ဝေါ်ကီမြို့မှာ ကျင်းပတဲ့ ရီပတ်ဘလီကန် ပါတီညီလာခံကို ပြောကြားတဲ့ မိန့်ခွန်းမှာ ဂျေဒီဗန့်စ်က သူ့ကိုယ်သူ အလုပ်သမားလူတန်းစားကနေ လာသူအဖြစ် မိတ်ဆက်ပုံဖော်ခဲ့ပြီး ဒေါ်နယ်ထရမ့်ရဲ့ မူဝါဒတွေဟာ ချန်လှပ်မေ့ပျောက်ခံထားရတဲ့ မဲဆန္ဒရှင်တွေကို ကူညီပံ့ပိုးပေးလိမ့်မယ်လို့ ပြောပါတယ်။
ဗန့်စ်ဟာ သူရဲ့ မိန့်ခွန်းတစ်လျှောက် ရွေးကောက်ပွဲအတွင်း အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် အရေးကြီး ပြည်နယ်တွေဖြစ်တဲ့ မီချီဂန် ၊ အိုဟိုင်းအိုး ၊ ပင်ဆယ်လ်ဗေးနီးယား ၊ ဝှစ္စကွန်ဆင် စတဲ့ ပြည်နယ်တွေကို အကြိမ်ကြိမ် ဦးတည်စည်းရုံး ခဲ့တာကို တွေ့ရပါတယ်။

ထရမ့်သာလျှင် အဲဒီပြည်နယ်တွေက စက်မှုလုပ်ငန်းတွေရှိရာ မြို့တွေနဲ့ လယ်ယာစိုက်ပျိုး ရေးဒေသတွေအတွက် အကောင်းဆုံး ရွေးချယ်မှုဖြစ်တယ်ဆိုတာ သူ့အနေနဲ့ ယုံကြည်ကြောင်း ပြောပါတယ်။

လူဝင်မှုကြီးကြပ်ရေး ကိစ္စရပ်မှာလည်း ဗန့်စ်က သဘောထား တင်းတင်းမာမာရှိတာကို ပြသခဲ့ပြီးအမေရိကားဟာ လူသစ်တွေကို ကိုယ့်ရဲ့ ကိုယ်ပိုင် စည်းကမ်းသတ်မှတ်ချက်တွေအောက်မှာပဲ လက်ခံကြိုဆိုတယ်လို့ ပြောသွားခဲ့ပါ တယ်။

အဲဒီမိန့်ခွန်းပြောကြားစဉ်အတွင်း တစ်ချိန်က မူးယစ်ဆေးစွဲသူ ဖြစ်ခဲ့ဖူးပြီးတော့ သူ့ရဲ့ အရောင်းရဆုံး စာအုပ် ဟီးလ် ဘီလီ ထဲမှာလည်း ဖော်ပြခဲ့ဖူးသူ သူ့ရဲ့ မိခင်ဟာ ညီလာခံ ပရိသတ်ရဲ့ မတ်တပ်ရပ် လက်ခုပ် ဩဘာပေး ဂုဏ်ပြုမှုကို ရရှိခဲ့ပါတယ်။
ဗန့်စ်က အိန္ဒိယရွှေ့ပြောင်း အခြေချ နေထိုင်သူတွေရဲ့ သမီးဖြစ်တဲ့ သူ့ရဲ့ ဇနီးသည် ဥရှာဗန့်စ်ကိုလည်း ပွဲလယ်ထုတ် မိတ်ဆက်ခဲ့ကာ ဇနီးသည် မိသားစုရဲ့ မတူညီတဲ့ လာရာနောက်ခံကို လည်း အသိအမှတ်ပြု ဝန်ခံခဲ့ပါတယ်။