တောင်ကိုရီးယားရဲ့ အကြီးဆုံး အလုပ်သမားသမဂ္ဂအဖွဲ့က အလုပ်သမားတွေဟာ ဆိုးလ်မြို့တော်က အဓိက လမ်းဆုံလမ်းခွတစ်ခုမှာ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက စုရုံးကြပြီး သမ္မတ ယွန်းဆော့ယောလ် ရာထူးကထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ သမ္မတ ယွန်းဆော့ယောလ်က နာရီပိုင်းသာခံတဲ့ စစ်အုပ်ချုပ်ရေးကို ထုတ်ပြန်ခဲ့ပြီးနောက် ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုဆန္ဒဖော်ထုတ်မှုတွေ အရှိန်မြင့်လာနေတာပါ။

အဖွဲ့ဝင် တစ်သန်းကျော်ရှိတဲ့ ကိုရီးယားအလုပ်သမားသမဂ္ဂ(KCTU)က ယွန်းဆော့ယောလ် သမ္မတရာထူးကနေ နုတ်ထွက်တဲ့အထိ ရက်အကန့်အသတ်မရှိ ဆန္ဒဖော်ထုတ်မယ်လို့ ကြေညာထားပါတယ်။ မြို့တော်ရဲ့ ဂွမ်ဟွမ်မွန်း ရင်ပြင်မှာ ဆန္ဒဖော်ထုတ်သူတွေက ယွန်းဆော့ယောလ်ကို ပြစ်တင်ရှုတ်ချတဲ့ ပိုစတာတွေ ကိုင်ဆောင်ပြီး သမ္မတ ယွန်းဆော့ယောလ်ကို စွပ်စွဲပြစ်တင်ဖို့ တောင်းဆိုနေကြပါတယ်။