တောင်ကိုရီးယား အာဏာရပါတီက သမ္မတ ယွန်းဆော့ယိုးလ်ကို မာရှယ်လော ထုတ်ပြန်မှုနဲ့ ပတ်သက်ပြီး စွပ်စွဲပြစ်တင်ရေး အားထုတ်မှုတွေကို ထောက်ခံကြောင်း ကြေညာချက်ထုတ်ပြန်လာပါတယ်။ နိုင်ငံတစ်ဝန်းမှာ လည်း သမ္မတယွန်းရဲ့ မာရှယ်လော ထုတ်ခဲ့မှုအပေါ် ပြည်သူတွေက စိတ်ဆိုးဒေါသထွက်နေပြီး သမ္မတယွန်း ရာထူးက ထွက်ပေးဖို့ တောင်းဆိုနေကြပါတယ်။

သမ္မတယွန်းကတော့ သူရဲ့ အငြင်းပွားဖွယ်ရာ မာရှယ်လော ထုတ်ပြန်မှုကို ကြာသပတေးနေ့က ခုခံကာကွယ်ပြောဆိုခဲ့ပြီး ရာထူးက ထွက်ဖို့ ငြင်းဆန်ခဲ့တဲ့နောက်မှာ သူ့ရဲ့ မိခင်ပါတီဖြစ်တဲ့ အာဏာရ ပြည်သူ့ပါတီက အခုလို ကြေညာချက် ထုတ်ပြန်လာတာပါ။ အတိုက်အခံအမတ်တွေရဲ့ သမ္မတကို စွပ်စွဲပြစ်တင်ဖို့ ပါလီမန်ထဲမှာ အဆိုတင်သွင်းခဲ့တုန်းကတော့ အာဏာရ ပါတီတွင်းက အမတ်တချို့က ပူးပေါင်းဖို့ ငြင်းဆန်ခဲ့တဲ့အတွက် အဆို မအောင်မြင်ခဲ့ပါဘူး။

ပါတီဘက်ကနေ သမ္မတကို ရာထူးက ဆင်းပေးဖို့ စည်းရုံးနားချပေမဲ့ ဘာတိုးတက်မှုမှ ရှိမလာဘူးလို့ အာဏာရပါတီ ခေါင်းဆောင် တွေက ပြောခဲ့ပါတယ်။ အတိုက်အခံ ဒီမိုကရက်တစ်ပါတီက သမ္မတယွန်းကို စွပ်စွဲပြစ်တင်မဲ့ အဆိုသစ်တစ်ရပ် တင်သွင်းဖို့ ပြင်ဆင်နေပြီး အဲဒီအဆိုကို စနေနေ့မှာ တင်သွင်းနိုင်ဖို့ အားထုတ်နေပါတယ်။