မြောက်ကိုရီးယားက သူ့ရဲ့ ယူရေနီယံ သန့်စင်ရေး စက်ရုံကို ရှားရှားပါးပါး ဖော်ထုတ်ပြသခဲ့တဲ့နောက် အဲဒီ လုပ်ရပ် အပေါ် တောင်ကိုရီးယားနိုင်ငံက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
တောင်ကိုရီးယားအနေနဲ့ ပြုံယမ်းရဲ့ နျူလက်နက် ပိုင်ဆိုင်မှုကို ဘယ်တော့မှ လက်ခံမှာမဟုတ်ဘူးလို့ သောကြာနေ့မှာ တုံ့ပြန်ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားက နျူကလီးယားဗုံး ထုတ်လုပ်ရာမှာ သုံးတဲ့လောင်စာကို ထုတ်လုပ်ပေးတဲ့ ဗဟိုခွာအားစက်ရဲ့ မြင်ကွင်းပုံရိပ်တွေကို ပြသခဲ့ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ အဲဒီ ယူရေနီယံသန့်စင်ရေးစက်ရုံကို သွား ရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး နျူလက်နက်တိုက်ကို အားဖြည့်ဖို့အတွက် လက်နက်ထုတ်လုပ်နိုင်တဲ့ အဆင့်ထိရှိတဲ့ ပစ္စည်းတွေ တိုးမြှင့်ထုတ်လုပ်သွားဖို့ ညွှန်ကြားခဲ့ပါတယ်။
နျူလက်နက်ဟာ အမေရိကန်ပြည်ထောင်စုနဲ့ သူ့ရဲ့ မဟာမိတ်တွေရဲ့ ခြိမ်းခြောက်မှုကို ထိပ်တိုက် ရင်ဆိုင်ရာမှာ အရေးကြီးကြောင်းလည်း ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ နျူလက်နက်ခြိမ်းခြောက်မှုကို တန်ပြန်ရေး အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ် တွေရဲ့ လှုပ်ရှားမှုတွေဟာ မျဉ်းနီကို ဖြတ်ကျော်သွားခဲ့ပြီဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းက ပြောဆိုထားပါတယ်။