တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ ပေကျင်းမြို့တော်မှာ တွေ့ဆုံဆွေးနွေးမှုအတွင်း တရုတ်နိင်ငံဟာ ယူကရိန်း နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်စိုးမှုကို ခိုင်မာစွာ ထောက်ခံကြောင်း ထပ်လောင်း အတည်ပြုခဲ့တယ်လို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလဲဘာ က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

မစ္စတာ ကူလဲဘာဟာ ရုရှားနဲ့ ဖြစ်နေတဲ့ စစ်မှာ မျှတတဲ့ ငြိမ်းချမ်းရေးကို ရရှိနိုင်ရေးအတွက် နည်းလမ်းရှာဖွေဖို့နဲ့ တရုတ်-ယူကရိန်း နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေးကိစ္စရပ်ကို ဆွေးနွေးဖို့ တရုတ်နိုင်ငံကို အင်္ဂါနေ့က ရောက်ရှိနေတာပါ။
ကူလဲဘာရဲ့ အခု တရုတ်ခရီးစဉ် ဟာ ၂၀၂၂ ခုနှစ် ယူကရိန်းအရေးအခင်း စတင်ပြီးနောက်ပိုင်း ယူကရိန်း အဆင့်မြင့်အရာရှိကြီးတစ်ယောက်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်ဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံဟာ သူရဲ့ ငြိမ်းချမ်းရေးမျှော်မှန်းချက်တွေ အကောင်အထည် ပေါ်လာနိုင်ရေး ဆောင်ရွက်နိုင်ဖို့ အခုနှစ်ကုန်ပိုင်းလောက်မှာ ဒုတိယမြောက် နိုင်ငံတကာ ထိပ်သီးညီလာခံ တစ်ရပ်ကို ကျင်းပနိုင်ဖို့ တွန်းအားပေး ဆောင်ရွက်နေတာပါ။
ပြီးခဲ့တဲ့ဇွန်လထဲက ကျင်းပခဲ့တဲ့ ဆွစ်ဇာလန် ညီလာ ခံမှာ ကမ္ဘာ့နိုင်ငံတွေက ကိုယ်စားလှယ်တွေ ဒါဇင်နဲ့ချီ တက်ရောက်ခဲ့ပေမဲ့ ရုရှားနဲ့ တရုတ်နိုင်ငံတို့က တက်ရောက် လာခြင်း မရှိခဲ့ပါဘူး။
ကမ္ဘာ့ ဒုတိယစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံဟာ ယူကရိန်းအရေးမှာ ကြားနေနိုင်ငံအဖြစ် ရပ်တည်မှု ယူထားပေမဲ့ တစ်ဖက်မှာတော့ ယူကရိန်းအရေး မတိုင်ခင်လေးမှာ ရုရှားနိုင်ငံနဲ့ အကန့်အသတ်မဲ့ မိတ်ဖက်နိုင်ငံများအဖြစ် ကြေညာထားခဲ့ပါတယ်။