ရုရှားနဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ယူကရိန်းမြေပေါ် တပ်ပေါင်းစု ချထား ဖို့ ဗြိတိန်နဲ့ပြင်သစ်တို့ရဲ့အဆိုပြုချက်ဟာ မော်စကို အဆုံးအဖြတ်ပေးရမယ့် ကိစ္စမဟုတ်ဘဲ ကိယက်ဗ်ကပဲ စဉ်းစား ရမှာဖြစ်တယ်လို့ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့တာကို CNN သတင်းမှာ ဖော်ပြထားပါတယ်။

အခုအခါ ရုရှားနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖိအားပေးနေချိန်မှာ ယူကရိန်းအတွက် စစ်ရေးအကူအညီတွေ စုစည်းနိုင်ဖို့ မက်ခရွန်နဲ့ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမားတို့က အလျင်စလို ကြိုးစားနေကြတာ ဖြစ်ပါတယ်။
စတားမားဟာ မတ်လ ၁၅ ရက်တုန်းက မက်ခရွန်နဲ့အတူ ယူကရိန်းရဲ့ တခြားမဟာမိတ်တွေကို စိတ်တူကိုယ်တူ အသွင်နဲ့ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီလိုတွေ့ဆုံခဲ့တဲ့ မဟာမိတ်တွေထဲမှာ အမေရိကန်တော့ မပါဝင်ပါဘူး။

ယူကရိန်းဟာ အချုပ်အခြာအာဏာပိုင်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ မဟာမိတ်တပ်တွေ အဲဒီနိုင်ငံထဲ ချထားဖို့ တောင်းဆိုတယ်ဆိုရင် ရုရှားက လက်ခံမှာ မဟုတ်ဘူးလို့ မက်ခရွန်က မတ်လ ၁၅ ရက်နှောင်းပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ပူးတွဲအင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဖြစ်နိုင်ခြေရှိတဲ့ အပစ်အခတ်ရပ်စဲရေးရဲ့ တခြားအစိတ်အပိုင်းတွေလိုပဲ ယူကရိန်းငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ပုံစံဟာ မသေချာ၊ မရေရာသေးတဲ့ အခြေအနေတစ်ခုမှာ ရှိနေတုန်းဘဲလို့ ပြင်သစ်သမ္မတက ပြောကြားထားပါတယ်။