ရုရှားသမ္မတပူတင်နဲ့ ဖုန်းကနေတစ်ဆင့် စကားပြောဆိုမှုအပြီးမှာ ယူကရိန်းစစ် အဆုံးသတ်ရေး စေ့စပ် ညှိနှိုင်းမှု တွေ ချက်ချင်းစတင်တော့မှာ ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။ ရုရှား သမ္မတပူတင်နဲ့ နာရီများစွာ ဖုန်းနဲ့စကားပြောဆိုတာက အကျိုးဖြစ်ထွန်းမှုရှိတယ်လို့ ထရမ့်က ဗုဒ္ဓဟူးနေ့ မနက် ပိုင်းမှာ ပြောပါတယ်။

အဲဒီ ဖုန်းခေါ်ဆိုမှုဟာ ဒေါ်နယ်ထရမ့်က သမ္မတဖြစ်ပြီးနောက် အမေရိကန်နဲ့ရုရှား သမ္မတ တို့ကြား ပထမဆုံး ဖြစ်ပေါ်တဲ့ ဖုန်းခေါ်ဆိုမှုလည်းဖြစ်သလို ယူကရိန်းစစ်ကို မြန်နိုင်သမျှ မြန်မြန် အဆုံးသတ်ချင် ကြောင်း ထရမ့်က ထုတ်ဖော်ပြောဆိုထားချိန်မှာ ဖြစ်ပေါ်လာတဲ့ ဖုန်းခေါ်ဆိုမှု ဖြစ်ပါတယ်။ လာမဲ့ အင်္ဂါနေ့မှာ လုပ်မဲ့ အကျဉ်းသား လဲလှယ်မှုက လေးနှစ်တာ ကာလထဲ ရောက်ရှိလာနေပြီဖြစ်တဲ့ စစ်ပွဲကို ရပ်စဲရေး အားထုတ် မှုတွေကို အသစ်ပြန်လည် ပေါ်ပေါက်လာစေမယ်လို့ မျှော်လင့်ကြောင်းလည်း ထရမ့်က ပြောပါတယ်။

Truth Social မီဒီယာပေါ်မှာ တင်ခဲ့တဲ့ ပို့စ်မှာလည်း ယူကရိန်းအရေး၊ အရှေ့အလယ်ပိုင်း၊ စွမ်းအင်၊ အေအိုင် နည်းပညာ၊ ဒေါ်လာငွေရဲ့ ခိုင်မာမှုနဲ့ တခြား အကြောင်းအရာတွေကို ဆွေးနွေးခဲ့ပြီး နိုင်ငံကို လာရောက်လည်ပတ် ဖို့ အပြန်အလှန် ဖိတ်ကြားခဲ့ကြကြောင်းနဲ့ အဲဒီဖုန်းပြောဆိုမှုနဲ့ပတ်သက်လို့ ယူကရိန်းသမ္မတ ဇာလန်စကီးကို အသိပေးမှာဖြစ်ကြောင်းလည်း ရေးသား ဖော်ပြထားတာကို တွေ့ရပါတယ်။ ပူတင် နဲ့ ထရမ့်တို့ဟာ မိနစ် ကိုးဆယ်ကြာ ဖုန်းနဲ့စကားပြောခဲ့ကြောင်း ကရင်မလင် နန်းတော်ဘက်ကလည်း ထုတ်ပြန်ထားပါတယ်။