ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းနဲ့ ပထမဆုံးအကြိမ် အပြန်အလှန် ဆွေးနွေးဖို့ ဧပြီလ ၂၁ ရက်က အဆိုပြုခဲ့ကြောင်း Reuters သတင်းမှာဖော်ပြထားပါတယ်။ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးကလည်း ရုရှားအနေနဲ့ အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်တာတွေ ရပ်တန့်ရေး အတွက် ဆွေးနွေးဖို့ စိတ်အားထက်သန်နေတယ်လို့ ဆိုပါတယ်။

ယူကရိန်းသမ္မတဇယ်လန်စကီးကတော့ ပူတင်ရဲ့အဆိုပြုချက်ကို တိုက်ရိုက်တုံ့ပြန်တာမရှိပေမယ့် အရပ်သား တွေအပေါ် တိုက်ခိုက်တာတွေ ရပ်တန့်မယ့် အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်လို့ စကားစမြည်ပြောဆိုဖို့အတွက် အသင့်ဖြစ်နေပြီဖြစ်တယ်လို့ ဗီဒီယိုမိန့်ခွန်းတစ်ခုမှာ အလေးပေး ပြောကြားခဲ့ပါတယ်။တစ်ဖက်မှာလည်း နှစ်နိုင်ငံခေါင်းဆောင်တွေဟာ အပစ်ရပ်စဲရေးအတွက် တိုးတက်မှုအချို့ မအောင်မြင်ရင် ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကနေ ထွက်ခွာမယ်လို့ ခြိမ်းခြောက်နေတဲ့ အမေရိကန်ရဲ့ဖိအားတွေနဲ့ ရင်ဆိုင် နေရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ရုရှားသမ္မတပူတင်က အီစတာပွဲတော်ကာလ ယူကရိန်းမှာ အပစ်အခတ်ရပ်စဲထား မယ်လို့ ထုတ်ဖော် ကြေညာခဲ့ပါတယ်။ ပူတင်က ရုတ်တရက် အပစ်အခတ် ရပ်စဲရေး ကြေညာခဲ့ပေမယ့် ကြေညာပြီး မကြာခင်အချိန်အတွင်းမှာပဲ တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်နေဆဲလို့ ယူကရိန်း အစိုးရက ပြောကြားခဲ့ပါတယ်။