ဘယ်လာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုက ယူကရိန်းနယ်စပ်တစ်လျှောက်မှာ ဘယ်လာရုစ် စစ်အင်အား တစ်ခုလုံးရဲ့ သုံးပုံ တစ်ပုံကို စေလွှတ်တပ်ဖြန့်ထားတယ်လို့ တနင်္ဂနွေနေ့က ပြောလိုက်ပါတယ်။
ယူကရိန်းဘက် ကလည်း ဘယ်လာရုစ်-ယူကရိန်း နယ်ခြားမှာ တပ်ဖွဲ့ဝင် ၁၂၀၀၀၀ လောက်ကို တပ်ချထားတယ်လို့ လူကာရှန်ကို က ပြောပါတယ်။
အဲဒီနယ်ခြားတစ်လျှောက်မှာ ဘယ်လာရုစ်တပ်ဖွဲ့အင်အား ဘယ်လောက်ချထားသလဲဆိုတာကို လူကာရှန်ကိုက အတိအကျ ထုတ်ပြောတာမျိုး မလုပ်ပါဘူး။

မဟာဗျူဟာမြောက် စစ်ရေးချိန်ခွင်လျှာ လေ့လာရေး နိုင်ငံတကာ အင်စတီကျူ့ရဲ့ ၂၀၂၂ ခုနှစ် မှတ်တမ်းအရ ဘယ်လာရုစ်စစ်တပ်မှာ တပ်အင်အား ၄၈၀၀၀ ရှိပြီး နယ်ခြားစောင့်တပ်ဖွဲ့အင်အားက ၁၂၀၀၀ ရှိတယ်လို့ ဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ရိုက်တာသတင်း ဌာနရဲ့ မေးမြန်းချက်ကို ယူကရိန်းနိုင်ငံက တုံ့ပြန်မှတ်ချက်ပေးတာမလုပ်ပေမဲ့ နယ်စပ်ဒေသမှာ ဘယ်လာရုစ် တပ်တွေ တပ်ချနေရာယူနေတဲ့ လက္ခဏာမျိုး မတွေ့သေးဘူးလို့ ပြီးခဲ့တဲ့ စနေနေ့က ပြောဆိုထားပါတယ်။
ရုရှားနိုင်ငံရဲ့ ခိုင်မာတဲ့ မဟာမိတ်ဖြစ်တဲ့ ဘယ်လာရုစ် သမ္မတ လူကာရှန်ကိုဟာ ရုရှားနိုင်ငံအတွင်းပိုင်းထဲကို ယူကရိန်းတပ်သား ထောင်ပေါင်းများစွာ ဖောက်ဝင်တိုက်ခိုက်ခဲ့မှုအပေါ် ပြီးခဲ့တဲ့ ဩဂုတ်လ (၆)ရက်က ဆန့်ကျင် ပြောဆိုမှုတွေ လုပ်ခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ သောကြာနေ့ကလည်း ဘယ်လာရုစ်ကာကွယ်ရေးဝန်ကြီး ဗစ်တာ ကရီနင်က အိမ်နီးချင်း ယူကရိန်းနိုင်ငံကနေ လက်နက်ကိုင် ရန်စလှုံဆော်မှုတွေ ဖြစ်လာနိုင်ခြေ မြင့်မားနေပြီး နယ်စပ်ဒေသမှာ အခြေအနေမှာ တင်းမာနေတယ်လို့ ပြောပါတယ်။