ဆွစ်ဇာလန်နိုင်ငံ ဘာဂန်စတော့ခ် အယ်လ်ပိုင်း အပန်းဖြေစခန်းမှာ ဇွန်လ(၁၅)ရက်နဲ့ (၁၆)ရက်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရုရှား-ယူကရိန်းအရေး နိုင်ငံတကာ ထိပ်သီးညီလာခံကို တက်ရောက်ဖို့ ယူကရိန်း သမ္မတ ဇာလန်စကီးဟာ ဆွစ်ဇာလန်နိုင်ငံကို သောကြာနေ့က ရောက်ရှိလာခဲ့ပါတယ်။ ဒီညီလာခံမှာ ယူကရိန်းသမ္မတရဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်အပေါ် နိုင်ငံတကာ ထောက်ခံမှုရရှိအောင် တည်ဆောက်သွားဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ယူကရိန်းမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးဖြစ်ပေါ်ရေးနဲ့ အဲဒီလုပ်ငန်းစဉ်မှာ ရုရှားနိုင်ငံ ပါဝင်လာရေး လမ်းပြမြေပုံတစ်ခု ဖန်တီးရေးဆွဲသွားကြမှာပါ။ ဒါပေမဲ့ ညီလာခံကို တက်ရောက်ဖို့ ရုရှားနိုင်ငံကို ဖိတ်မထားပါဘူး။

အဲဒီလုပ်ငန်းစဉ်တွေဟာ အချိန်ဖြုန်းရုံသာ ဖြစ်မယ်လို့ ရုရှားနိုင်ငံက တုံ့ပြန်ထားသလို တရုတ် နိုင်ငံကလည်း အဲဒီထိပ်သီးဆွေးနွေးပွဲကို တက်ရောက်မှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။ ယူကရိန်းအရေး စတင်ပြီးနောက်ပိုင်း ဒဏ်ခတ်ပိတ်ဆို့မှုတွေကြား ရုရှားကို ရှင်သန်နိုင်အောင် ကူညီခဲ့တဲ့ အိန္ဒိယနိုင်ငံကတော့ ညီလာခံကို ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ စေလွှတ်သွားလိမ့်မယ်လို့ မျှော်မှန်းရပြီး တူကီယဲ ၊ ဟန်ဂရီတို့လို ရုရှားနဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ နိုင်ငံတွေကလည်း နိုင်ငံခြားရေးဝန်ကြီးတွေကို ကိုယ်စားပြု စေလွှတ်သွားကြမှာပါ။

အစည်းအဝေးကို တက်ရောက်ကြမဲ့ ကမ္ဘာ့ခေါင်းဆောင်တွေထဲမှာ အမေရိကန် ဒုသမ္မတ ကာမာလာ ဟဲရစ် ၊ ပြင်သစ် သမ္မတ မက်ခရွန်း အပြင် ဂျာမနီ ၊ အီတလီ ၊ ဂျပန် ၊ ကနေဒါ နဲ့ ဗြိတိန်ခေါင်းဆောင်တို့လည်း ပါဝင်ကြ ပါတယ်။ ညီလာခံ မတိုင်ခင် တစ်ရက်အလို သောကြာနေ့မှာ ရုရှား သမ္မတ ပူတင်က ယူကရိန်းအနေနဲ့ နေတိုးအဖွဲ့ ထဲဝင်ရေး ရည်မှန်းချက်ကို စွန့်လွှတ်တာ ၊ မော်စကိုက တောင်းဆိုထားတဲ့ ပြည်နယ်လေးခုကို ပေးအပ်တာနဲ့ စစ်မက်အင်အား လျှော့ချတာတွေကို လုပ်ရင် ယူကရိန်းအရေအခင်းကို ရုရှားက အဆုံးသတ်ပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ယူကရိန်းထဲကနေ ရုရှားတပ်တွေကို ရုပ်သိမ်းမှုလုပ်မှသာ အရေးအခင်းကို ပူတင် အဆုံးသတ်နိုင်မှာဖြစ်တယ်လို့ ယူကရိန်းနဲ့ အမေရိကန်တို့ဘက်က တုံ့ပြန်ထားပါတယ်။