အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် နဲ့ အိမ်ဖြူတော်တွေ့ဆုံမှုအပြီးမှာ ယူကရိန်းအပေါ် ခိုင်မာစွာ ဆက်လက် ထောက်ခံကြောင်း ဗြိတိန်ဝန်ကြီးချုပ် ကား(ရ်) စတာမာ က သောကြာနေ့မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အဲဒီတွေ့ဆုံမှုအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ စတာမာ က ဗြိတိန် နဲ့ အမေရိကန်နိုင်ငံတို့ဟာ ယူကရိန်းနိုင်ငံနဲ့အတူ စည်းလုံး ညီညွတ်စွာ ရပ်တည်နေကြောင်း ပြောသွားခဲ့ပါတယ်။
လာမယ့် သီတင်းပတ် နဲ့ လတွေထဲမှာ မြင်တွေ့ရမယ့် သိသာထင်ရှားတဲ့ ဖြစ်ပေါ်တိုးတက်မှုတွေက အထူးသဖြင့် အခုလို အမေရိကန်သမ္မတ ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ ရုရှား-ယူကရိန်း အရေးအခင်းကိုရော ၊ အရှေ့အလယ်ပိုင်းဒေသက အခြေအနေတွေအပေါ်မှာပါ သက်ရောက်မှုတွေ ရှိလာနိုင်တာကိုလည်း အလေးပေးဖော်ပြပြောဆိုသွားခဲ့ပါတယ်။
အိမ်ဖြူတော်တွေ့ဆုံမှုမှာ စတာမာ နဲ့ ဘိုင်ဒန်တို့ဟာ ယူကရိန်းကို ထောက်ပံ့အားပေးရာမှာ နောက်ထပ် လှမ်းသွားမယ့် ခြေလှမ်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။
ဒါပေမဲ့ ရုရှားပိုင်နက်တွင်းက ပစ်မှတ်တွေကို အနောက်အုပ်စုက ထောက်ပံ့ပေးထားတဲ့ တာဝေးပစ်လက်နက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခွင့်ပြုရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ အဲဒီတွေ့ဆုံမှုမှာ ဆုံးဖြတ်ချက်တစ်စုံတစ်ရာ ချမှတ်ခဲ့တာမျိုး မရှိပါဘူး။
ယူကရိန်းသမ္မတ ဇာလန်စကီးက အနောက်အုပ်စုက ပံ့ပိုးပေးထားတဲ့ တာဝေးပစ်လက်နက်တွေကို ရုရုားပိုင်နက်တွင်းက ပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ သုံးခွင့်ပေးဖို့ တောက်လျှောက်တောင်းဆိုနေခဲ့တာပါ။
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ယူကရိန်းကို အဲဒီတာဝေးပစ်လက်နက်တွေ သုံးခွင့်မပေးဖို့ နဲ့ သုံးခွင့်ပေးရင် နေတိုးဟာ ရုရှားကို တိုက်ရိုက်စစ်ပြုရာရောက်တယ်လို့ ရုရှားသမ္မတ ပူတင်က သတိပေးထားပါတယ်။