အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ သူနဲ့ စကားစမြည်ပြောဆိုရာမှာ ယူကရိန်းနိုင်ငံကို ထောက်ခံကြောင်း အချက်ပြခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ပြောပါတယ်။
သြဂုတ် ၂၅ ရက်က သူ့ရဲ့ လူမှု ကွန်ရက် အကောင့်မှာ တင်ထားတဲ့ အင်တာဗျူးတစ်ခုမှာ အိန္ဒိယသတင်းထောက်တွေကို ဇယ်လန်းစကီးက ပြောခဲ့တာပါ။
ထရမ့်ဟာ ရုရှားနဲ့ စစ်ပွဲကို ရပ်တန့်စေလိုကြောင်းလည်း သူ့ကို ပြောခဲ့တယ်လို့ ဇယ်လန်းစကီးက အင်တာဗျူးမှာ ဖြေထားပါတယ်။
ဇယ်လန်းစကီးနဲ့ အင်တာဗျူးကို အိန္ဒိယရုပ်သံဌာန ANI က သြဂုတ် ၂၃ ရက်က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ဟာ နိုဝင်ဘာ ၅ ရက်မှာ ကျင်းပမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် လက်ရှိ ဒုတိယသမ္မတ ကင်မလာဟဲရစ်နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်နေရပါတယ်။
နေတိုး အဖွဲ့ကနေ အမေရိကန် နုတ်ထွက်မယ်လို့ ထရမ့်က ခြိမ်းခြောက်ခဲ့ပြီး ကာကွယ်ရေးဘတ်ဂျက် တိုးမြှင့်မသုံးစွဲတဲ့ မဟာမိတ်တွေကို အမေရိကန်က ခုခံကာကွယ်ပေးမှာ မဟုတ်ဘူးလို့လည်း ပြောဆိုထားပါတယ်။
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီနဲ့ တွေ့ဆုံရာမှာ ငြိမ်းချမ်းရေးအတွက် ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပဖို့ အိန္ဒိယနိုင်ငံကို ထောက်ခံမယ်လို့ ဇယ်လန်းစကီးက ပြောဆိုခဲ့ကြောင်းလည်း သိရပါတယ်။