ယီမင်နိုင်ငံ ဆာနာမြို့တော်တစ်ခွင်နဲ့လေဆိပ်ကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေချိန် လေဆိပ် ထဲမှာ ရှိနေခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲက ပြောပါတယ်။ အစ္စရေးက ဆာနာမြို့တော်နဲ့ နိုင်ငံ အနောက်ပိုင်း ဟိုဒေဒါး ဆိပ်ကမ်းမြို့ကို ကြာသပတေးနေ့က လေကြောင်းကနေ တိုက်ခိုက်မှုတွေ လုပ်ခဲ့ရာမှာ အနည်းဆုံး လူ(၆)ယောက် သေပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။

ဆာနာမြို့တော်လေဆိပ်ကို တိုက်ခိုက်ရာမှာ တော့ အနည်းဆုံး (၃)ယောက် သေပြီး ဒဏ်ရာရသူ (၃၀)လောက်ရှိခဲ့တာပါ။ အဲဒီလို လေဆိပ်ကို တိုက်ခိုက်နေ ချိန်မှာ လေဆိပ်ထဲမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ တက်ရော့အဒါနွမ် ဂျီဘရီရယ်ဆပ်စ်နဲ့ ကုလအဖွဲ့ တစ်ဖွဲ့ရှိနေခဲ့ပြီး လေယာဉ်ပေါ်တက်ဖို့ ပြင်ဆင်နေချိန်ဖြစ်တယ်လို့ ဂျီဘရီရယ်ဆပ်စ်က ထုတ်ပြန်ပါတယ်။ အဲဒီအတွင်း လေယာဉ်အမှုထမ်းတစ်ယောက်လည်း ဒဏ်ရာရပြီး တိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ လေဆိပ် အဆောက်အအုံတွေ ပြင်ဆင်နေချိန်အထိ စောင့်ဆိုင်းပြီးမှ ထွက်ခွာခဲ့ရကြောင်းလည်း သူရဲ့ထုတ်ပြန်ချက်မှာ ဆက်လက်ဖော်ပြထားပါတယ်။

အစ္စရေးက ဆာနာအနောက်ပိုင်းမှာလည်း တိုက်ခိုက်မှုလုပ်ခဲ့ရာမှာ လူ(၃)ယောက်သေဆုံးခဲ့ပါတယ်။ ဟိုဒေဒါး ဆိပ်ကမ်း ၊ ရက်စ် အစ်ဆာ နဲ့ ရက်စ်ကူတပ်ဓာတ်အားရုံစက်တွေကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာမှာ တိုက်ခိုက်မှုတစ်ခုလုံးအတွင်း သေဆုံးသူ (၄၀) လောက်ရှိခဲ့ပါတယ်။ အဲဒီလို တိုက်ခိုက်မှုတွေအတွက် လက်တုံ့ပြန်သွားမယ်လို့ အီရန်ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီအဖွဲ့က ပြောကြားလိုက်ပါတယ်။