ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့် ဟာ မွေးရာပါ နိုင်ငံသားဖြစ်ခွင့်ကို အဆုံးသတ်ရေး ကတိကို ဖြည့်ဆည်းနိုင်ဖို့အတွက် လုပ်ဆောင်နိုင်မယ့်နည်းလမ်းတွေကို ဆန်းစစ်ရွေးချယ်နေပါတယ်။ အဲဒီလို ဆောင်ရွက်ချက်ဟာ တရားရုံးချုပ်ရဲ့ အဆုံးအဖြတ်ကို နောက်ဆုံး ခံယူရမယ့်သဘော ရှိနေတယ်လို့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ထရမ့်အဖွဲ့အတွင်း ဆွေးနွေးပြောဆိုမှုတွေကို သိရှိထားသူ သတင်းရင်းမြစ် နှစ်ယောက်က CNN ကို တနင်္ဂနွေနေ့က ပြောပါတယ်။

ထရမ့်ဟာ (၁၄) ကြိမ်မြောက် အခြေခံဥပဒေ ပြင်ဆင်ချက်နဲ့ ကာကွယ်ထားတဲ့ မွေးရာပါ နိုင်ငံသားဖြစ်ခွင့်ကို နှစ်အတန်ကြာ ကတည်းက မေးခွန်းထုတ်နေခဲ့တာဖြစ်ပြီး အဲဒီ အခွင့်အရေးကို သမ္မတ အုပ်ချုပ်ရေးအမိန့်နဲ့ တားမြစ်သွားမယ်လို့ ပြောဆိုနေပါတယ်။ထရမ့်ရဲ့ မဟာမိတ်တွေဟာ အဲဒီလို တားမြစ်ပိတ်ပင်မှု လုပ်နိုင်ဖို့ နည်းဗျူဟာတွေ ပြင်ဆင်ရေးဆွဲနေပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာန အနေနဲ့ အထောက်အထားမပြည့်စုံတဲ့ မိဘတွေရဲ့ ကလေးတွေကို နိုင်ငံကူးလက်မှတ် မထုတ်ပေးဖို့ ၊ ကလေးမွေးဖွားဖို့ ရည်ရွယ်ချက်နဲ့ အလည်လာရောက်မှုတွေကို တားဆီးနိုင်ဖို့ ၊ ခရီးသွား ဗီဇာကန့်သတ်ချက်တွေကို တင်းကြပ်ဖို့ စတဲ့ ညွှန်ကြားမှုတွေ ပါဝင်နေပါတယ်။

(၁၄) ကြိမ်မြောက် အခြေခံဥပဒေပြင်ဆင်ချက်ကိုလည်း အဓိပ္ပာယ်လွဲမှားစွာ အနက်ဖွင့်ဆိုနေတာသာဖြစ်ပြီး အဲဒီပြင်ဆင်ပြဌာန်းချက်ဟာ အမေရိကန်မြေမှာ အထောက်အထား မခိုင်လုံတဲ့ မိဘတွေကနေ မွေးဖွားတဲ့ ကလေးငယ်တွေအတွက် အကျုံးမဝင်ဘူးလို့ ထရမ့်အုပ်စုက စောဒကတက်ထားပါတယ်။

လူဝင်မှုဆိုင်ရာ မူဝါဒနဲ့ ပတ်သက်ပြီး တင်းမာတဲ့ သဘောထားရှိသူတစ်ချို့ကလည်း အထောက်အထားမဲ့ မိဘတွေကနေ မွေးဖွားတဲ့ ကလေးငယ်တွေဟာ အမေရိကန်ရဲ့ တရားစီရင်ပိုင်စိုးမှု အောက်မှာ ရှိမနေတာကြောင့် သူတို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ နိုင်ငံသားအဖြစ် ထည့်သွင်းစဉ်းစားလို့ မရကြောင်း စောဒကတက် ထားကြပါတယ်။