မြောက်မက်ဆီဒိုးနီးယားနိုင်ငံက နိုက်ကလပ်တစ်ခုမှာ မတ်လ ၁၆ ရက် မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ တာကြောင့် အနည်းဆုံး လူ ၅၉ ယောက် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။မြောက်မက်ဆီဒိုးနီးယားနိုင်ငံ ခိုချာနီ(Kochani)မြို့က ပေါ့စ်(Pulse) ဆိုတဲ့ နိုက်ကလပ်မှာ မတ်လ ၁၆ ရက် ဒေသစံတော်ချိန် မနက် ၂ နာရီခွဲလောက်က မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး အနည်းဆုံး လူ ၅၉ ယောက် သေဆုံးပြီး ၁၅၅ ယောက်ဝန်းကျင် ဒဏ်ရာရရှိခဲ့ပါတယ်။

ပြည်တွင်းက နာမည်ကျော် Hip Hop အဖွဲ့ DNK ရဲ့ ဖျော်ဖြေပွဲအတွက် လူ ၅၀၀ လောက် ကလပ်ကို စုဝေး ရောက်ရှိနေခဲ့တာဖြစ်ပြီး မီးလောင်မှုကြောင့် DNK အဖွဲ့က အဆိုတော်တစ်ယောက်အပါအဝင် တီးဝိုင်းအဖွဲ့သား အများအပြားလည်း သေဆုံးခဲ့ပါတယ်။သေဆုံးသူတွေဟာ အသက် ၁၆ နှစ်ကနေ ၂၄ နှစ်ကြား လူငယ်တွေဖြစ်ပြီး အများစုဟာ မီးလောင်ချိန်မှာ ကြောက်လန့်တကြား ထွက်ပြေးကြရာကနေ လူအုပ်ပိသေဆုံးတာဖြစ်တယ်လို့ ခိုချာနီ အထွေထွေရောဂါကု ဆေးရုံရဲ့ အကြီးအကဲက ပြောပါတယ်။ဂီတဖျော်ဖြေပွဲမှာပေးတဲ့ အလင်းစနစ်တွေကနေ မီးပွားအမှုန်အမွှားတွေ ကျတဲ့အတွက် မီးစလောင်တာဖြစ်ပြီး မျက်နှာကြက်ကလည်း မီးစွဲလွယ်တဲ့ ပစ္စည်းတွေနဲ့ လုပ်ထားတဲ့အတွက် အချိန်တိုအတွင်းမှာ မီးပျံ့နှံ့သွားတာလို့ ပြည်ထဲရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒါ့အပြင် အခင်းဖြစ်ပွားတဲ့ နိုက်ကလပ်ဟာ တရားဝင်လိုင်စင် မရှိဘူးလို့ သိရပြီး ကလပ်မှာ ထွက်ပေါက်ကလည်း တစ်ပေါက်ပဲရှိတယ်လို့ ပြည်ထဲရေး ဝန်ကြီးက ပြောထားပါတယ်။ ဒီအတွက် ကလပ်ပိုင်ရှင်အပါအဝင် လူ ၁၅ ယောက်ကို ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်နေတာပါ။ဒီဖြစ်စဉ်ကြောင့် ဒဏ်ရာရသူတွေကို ဆေးရုံတွေမှာ ဆေးကုသမှုပေးနေပြီး ဒီထဲက ဒဏ်ရာပြင်းထန်သူ ၂၇ ဦးက ပြည်ပမှာ ဆေးကုသမှုခံရမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မြောက်မက်ဆီဒိုးနီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်၊ ဥရောပကော်မရှင်ဥက္ကဋ္ဌနဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်တို့အပါအဝင် ကမ္ဘာ့ခေါင်းဆောင်အများအပြားက ဝမ်းနည်းကြောင်း ထုတ်ပြန်ထား ပါတယ်။