မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ အိုကင်ဟွန်းနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ် ရှော့တို့ဟာ ဇန်နဝါရီ ၂၁ ရက်က တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အာဆီယံက သတင်းထုတ်ပြန်ခဲ့ပါတယ်။

တွေ့ဆုံရာမှာတော့ အာဆီယံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုတွေကို ပံ့ပိုးရာမှာ ကုလသမဂ္ဂအေဂျင်စီတွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အာရုံစိုက်ပြီး အာဆီယံရဲ့ ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရာမှာ အရှိန်အဟုန်မြှင့် ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ပါတယ်။
အဲဒီအပြင် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ပြည်သူတွေရဲ့ အကျိုးတို့ကို ဖော်ဆောင်ရာမှာ ပူးပေါင်း ဆောင်ရွက်ရေးဟာ အရေးပါတဲ့အကြောင်း အလေးထား ဆွေးနွေးခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စ ဂျူလီဘစ်ရှော့ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းက ခန့်အပ်ခဲ့တာဖြစ်ပါတယ်။