ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ကျင်းပတဲ့ ကာကွယ်ရေးလက်နက်ပစ္စည်းပြပွဲပြင်ပမှာ စစ်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်သူတွေနဲ့ ရဲတပ်ဖွဲ့တို့အကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့က အဲဒီလို နှစ်ဖက် ရုန်းရင်း ဆန်ခတ်ဖြစ်ပွားရာမှာ ရဲတွေက အသံဗုံးတွေ၊ မျက်စိကျိန်းစက်စေတဲ့ ဆေးမှုန့်တွေ ဖျန်းပြီး လူစုခွဲဖို့ ကြိုးစားခဲ့ပါတယ်။
မျက်မြင်တွေ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေမှာ ရဲတွေက ဆန္ဒဖော်ထုတ်သူ ရာပေါင်းများစွာကို ထိန်းချုပ်နိုင်ဖို့ အားထုတ်နေတာကိုတွေ့ရပြီး လူအုပ်ကြားထဲကနေ ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေ မြည်ဟည်းလာခဲ့တာကိုလည်း ကြားရပါတယ်။
ဆန္ဒဖော်ထုတ်သူတွေက ပါလက်စတိုင်းကို ထောက်ခံကြောင်း အသံချဲ့စက်တွေနဲ့ အော်ဟစ်ကြွေးကြော်ခဲ့ကြပြီး ပြပွဲအနီးတစ်ဝိုက်မှာ ချထားတဲ့ အတားအဆီးတွေကိုလည်း ချိုးဖျက် ဖယ်ရှားပစ်ခဲ့ကြပါတယ်။
ရဲတွေဘက်ကလည်း ရှေ့တိုးဖို့ ကြိုးစားလာတဲ့ လူအုပ်ကို ငရုတ်ကောင်းမှုန့် အရည်တွေနဲ့ ဖျန်းပြီး ဟန့်တားဖို့ ဆောင်ရွက်ခဲ့ကြပါတယ်။