ဗီယက်နမ်နိုင်ငံ ထိုင်ငုယန်ပြည်နယ်က ဒေသခံတွေဟာ စက်တင်ဘာ ၁၁ ရက်က ရေကြီးရေလျှံမှုတွေနဲ့ ဆက်လက် ကြုံတွေ့နေရပါတယ်။
နိုင်ငံရဲ့ မြောက်ဘက်ခြမ်းကို ပျက်စီးစေခဲ့တဲ့ တိုင်ဖွန်း ယာဂိ တိုက်ခတ်မှုကြောင့် သေဆုံးရသူလည်း လူပေါင်း ၁၇၉ ယောက်ထက်မနည်း ရှိလာခဲ့ပြီလို့ သိရပါတယ်။
ရေကြီးရေလျှံမှု မဖြစ်ခင် အချိန်မီ ရွှေ့ပြောင်းနိုင်တာ မရှိတဲ့အတွက် သီးခြားစီဖြစ်နေတာ လေးရက်ရှိပြီလို့ မိသားစုတချို့က ပြောပါတယ်။ သောင်တင်နေသူတွေကို စက်လှေတွေနဲ့ ထောက်ပံ့ပစ္စည်းတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ရေမျက်နှာပြင် မြင့်တက်ခဲ့တာ အလွန်မြန်တဲ့အတွက် ဒီတစ်ကြိမ် ရေကြီးပုံက အလွန်အန္တရာယ်များတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
အာရှတိုက်ရဲ့ အားအပြင်းဆုံး တိုင်ဖွန်းမုန်တိုင်း ယာဂိဟာ စက်တင်ဘာ ၇ ရက်က ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့ပြီးနောက် အနောက်ဘက်ကို ရွေ့လျားလာကာ မြစ်နီတစ်လျှောက်ရှိ ပြည်နယ်တွေကို ဖြတ်သွားရင်း တံတားတစ်စင်းပါ ပြိုကျစေခဲ့ပါတယ်။
ဗီယက်နမ်နိုင်ငံတစ်ဝန်း တိုင်ဖွန်းမုန်တိုင်းနဲ့ နောက်ဆက်တွဲ ရေကြီးမြေပြိုမှုတွေကြောင့် လူ ၁၇၉ ယောက် သေဆုံးခဲ့ပြီး ၁၄၅ ယောက် ပျောက်ဆုံးနေတယ် လို့ အစိုးရက ခန့်မှန်းထားပါတယ်။
ဟနွိုင်းက စာသင်ကျောင်းတချို့ကိုတော့ သီတင်းပတ်ကုန်အထိ ပိတ်ထားပြီး အနိမ့်ပိုင်းဒေသတွေမှာ နေထိုင်သူ ထောင်ပေါင်းများစွာကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားတယ်လို့ အစိုးရနဲ့ နိုင်ငံပိုင်မီဒီယာတွေက ပြောပါတယ်။