ဇီဝဗေဒပညာရှင်၊ တိရစ္ဆာန်ဆေးကုဆရာဝန်တွေနဲ့ ငါးဖမ်းသမားအဖွဲ့တစ်ဖွဲ့ဟာ အမေဇုန်ရှိ ရေကန်တစ်ခုမှာ ရှားပါးတဲ့ ရေချိုလင်းပိုင် အမတစ်ကောင်ကို အခုသီတင်းပတ်အတွင်း ဖမ်းယူခဲ့ပါတယ်။
မနှစ်က မိုးခေါင်ရေရှား မှုကြောင့် မျိုးစိတ်ပေါင်း ရာချီသေဆုံးတာကို ရှောင်ရှားနိုင်အောင် လေ့လာဖို့ မျှော်လင့်ချက်နဲ့ အဲဒီလင်းပိုင်ကို ဖမ်းခဲ့တာပါ။ လင်းပိုင်ကို သွေးစစ်ဆေးမှုနဲ့ တခြားစစ်ဆေးမှုတွေအတွက် ကမ်းပေါ်သယ်လာပြီး သူ့ရဲ့လှုပ်ရှားမှုနဲ့ အပြုအမူကို ဂြိုဟ်တုကတစ်ဆင့် သိနိုင်အောင် ခန္ဓာကိုယ် မိုက်ခရိုချစ်ပ်တစ်ခု ထည့်သွင်းကာ တီဖီရေကန်ထဲ ပြန်လွှတ်ပေးလိုက်ပါတယ်။
မနှစ်က မိုးသစ်တောသမိုင်းမှာ အရှည်ကြာဆုံး မိုးခေါင်ရေရှားမှုရဲ့ ဘေးထွက်ဆိုးကျိုး တစ်ခုအနေနဲ့ လင်းပိုင်သေ အကောင်ရေ ၂၀၀ ကျော်ကို အမေဇုန်မြစ်လက်တက်တစ်ခုမှာ တွေ့ရှိခဲ့ပါတယ်။ မြစ်ရေနည်းပါးမှုက လင်းပိုင်တွေအတွက် သည်းမခံနိုင်တဲ့အပူချိန်အထိ ရေကိုအပူပေးစေတယ်လို့ သုတေသီ တွေက ယုံကြည်ကြပါတယ်။
ရေထဲမှာ အောက်ဆီဂျင်ပြတ်လပ်မှုကြောင့်လည်း အမေဇုန်မြစ်တွေမှာ ငါးထောင် ပေါင်းများစွာ သေဆုံးခဲ့ပါတယ်။
ပန်းရောင်အရင့်နဲ့ အမေဇုံမြစ်လင်းပိုင်တွေဟာ တောင်အမေရိက မြစ်တွေမှာပဲ တွေ့ရှိရတဲ့ ထူးခြားတဲ့ ရေချိုမျိုးစိတ်ဖြစ်ပြီး ကမ္ဘာပေါ်မှာ လက်တစ်ဆုပ်စာကျန်နေတဲ့ မျိုးစိတ်တစ်ခု ဖြစ်ပါတယ်။
မျိုးပွားမှုစက်ဝန်း နှေးကွေးတဲ့အတွက် ကောင်ရေ ထပ်မံလျော့ကျမယ့် အန္တရာယ် ရှိနေတယ်လို့ သိရပါတယ်။