မလေးရှားနိုင်ငံထဲမှာ လူဝင်မှုကြီးကြပ်ရေးစည်းကမ်းတွေ ချိုးဖောက်ခဲ့တဲ့ ပြည်ပနိုင်ငံသား (၂၇၀၀၀)ခန့်ဟာ မလေးအစိုးရရဲ့ နေရပ်ပြန်ပို့ရေးအစီအစဉ်အောက်မှာ နေရပ်ပြန်နေကြတယ်လို့ Channel news Asia သတင်းမှာ ဗုဒ္ဓဟူးနေ့က ဖော်ပြထားပါတယ်။ အဲဒီနေရပ်ပြန်ပို့ရေး အစီအစဉ်အောက်မှာ ပြည်ပနိုင်ငံသားတွေဟာ သတ်မှတ် ဒဏ်ကြေး ပေးဆောင်ပြီး ဖမ်းဆီးချုပ်နှောင်ခံရတာမျိုးမရှိဘဲ နေရပ်ပြန်ခွင့် ရနေကြတာပါ။

အဲဒီအစီအစဉ်ကို ရွှေ့ပြောင်းလာရောက်သူများ နေရပ်ပြန်ပို့ရေး အစီအစဉ်လို့ အမည်ပေးထားပြီး ပြီးခဲ့တဲ့ မတ်လ(၁)ရက်က အစပြုခဲ့တာဖြစ်ပြီး အခု ဒီဇင်ဘာလ(၃၁)ရက်မှာ သက်တမ်းကုန်ဆုံးတော့မှာပါ။ ကွာလာလမ်ပူ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ဒါရိုက်တာ ဝန် မိုဟာမက် က အဲဒီလို မိခင်နိုင်ငံတွေကို ပြန်ဖို့ လျှောက် ထားသူတွေဆီကနေ ဒဏ်ကြေးငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ (၉၆)သန်း ရရှိထားတယ်လို့ ဒေသတွင်း မီဒီယာ တစ်ခုကို တနင်္လာနေ့က ပြောခဲ့ပါတယ်။

အဲဒီအတွက် လျှောက်ထားမှုဟာ နေ့စဉ် လူပေါင်း(၃၅၀) လောက်ရှိပြီး ချိုးဖောက်တဲ့ လ၀ကစည်းကမ်းအပေါ်မူတည်ကာ တစ်ယောက်ကို ဒဏ်ကြေးငွေ မလေးရှားရင်းဂစ်(၃၀၀) ကနေ (၅၀၀)ကြား ပေးဆောင်ရတယ်လို့ ပြောပါတယ်။ အဲဒီစည်းကမ်းဖောက်ဖျက်မှုတွေထဲမှာ နိုင်ငံအတွင်း အချိန် ကျော်လွန်နေထိုင်တာ ဒါမှမဟုတ် ဗီဇာသတ်မှတ်စည်းကမ်းတွေကို ဖောက်ဖျက်တာတွေ ပါဝင်တယ်လို့ ဆိုပါ တယ်။ လျှောက်ထားလာသူတွေအနေနဲ့ ခိုင်လုံတဲ့ စာရွက်စာတမ်းတွေနဲ့အတူ လေယာဉ်လက်မှတ်တွေကို တင်ပြဖို့ လိုအပ်ပြီး သက်ဆိုင်ရာနိုင်ငံတွေရဲ့ သံရုံးတွေကိုလည်း တိုင်ပင်အကူအညီတောင်းခံနိုင်တယ်လို့ ပြောပါတယ်။