ယူကရိန်းဝေဟင်မှာတိုက်ခိုက်ခံရတဲ့ မလေးရှားလေကြောင်းလိုင်းက လေယာဉ်ကို ပစ်ချမှုက ရုရှားမှာ တာဝန်ရှိ ကြောင်း ကုလသမဂ္ဂလေကြောင်းကောင်စီက မေလ ၁၂ ရက်မှာ ဆုံးဖြတ်လိုက်ကြောင်း ရိုက်တာသတင်းဌာနမှာ ဖော်ပြထားပါတယ်။

မလေးရှားလေကြောင်းက MH17 ပျက်မှုအတွင်း သေဆုံးသူ ၂၉၈ ယောက်ရှိပြီး ဒတ်ချ်နိုင်ငံသား ၁၉၆ ယောက်၊ သြစတြေးလျနိုင်ငံသား ၃၈ ယောက်ပါဝင်တယ်လို့ ဒတ်ချ်နဲ့သြစတြေးလျနိုင်ငံအစိုးရတွေက အသီးသီး ထုတ်ပြန်ခဲ့ ပါတယ်။ အဲဒီမလေးရှားလေကြောင်းက MH17 ဟာ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၇ ရက်မှာ အမ်စတာဒမ်ကနေ ကွာလာလမ်ပူကို ထွက်ခွာခဲ့ပြီး ရုရှားခွဲထွက်ရေးဝါဒီသမားတွေနဲ့ ယူကရိန်းတပ်ဖွဲ့တွေအကြား တိုက်ပွဲအရှိန် အဟုန် မြင့်မားနေတဲ့ ယူကရိန်းအရှေ့ပိုင်းမှာ ပစ်ချခံခဲ့ရတာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလကတော့ ဒတ်ချ်တရားသူကြီးတွေက ရုရှားအမျိုးသားနှစ်ယောက်နဲ့ ယူကရိန်းအမျိုးသား တစ်ယောက်ကို တိုက်ခိုက်မှုမှာ ပါဝင်တယ်လို့ တရားစွဲပြီး ကြားနာခွင့်မရှိဘဲ ပြစ်ဒဏ်ချခဲ့ပါတယ်။မော်စကိုကတော့ အဲဒီဆုံးဖြတ်ချက်ကို အရှက်ရစရာကိစ္စလို့ခေါ်ဆိုခဲ့ပြီး သူ့ရဲ့နိုင်ငံသားတွေကို လွှဲအပ်မှာ မဟုတ် ကြောင်း ပြောဆိုခဲ့ပါတယ်။ မွန်ထရီရယ်မြို့မှာ အခြေစိုက်ထားတဲ့ ICAO အဖွဲ့ကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း မဖြေကြားခဲ့ပါဘူး။