TIKTOK ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ ByteDance (ဘိုင်းဒန့်စ်) ကုမ္ပဏီဟာ AI နည်းပညာကို ပိုမိုပြောင်းလဲ အသုံးချ တော့မှာဖြစ်လို့ မလေးရှားနိုင်ငံက ရုံးခွဲဝန်ထမ်း (၇၀၀)လောက်ကို လျှော့ချသွားမယ်လို့ သောကြာနေ့မှာ ရိုက်တာကို ပြောပါတယ်။
အင်အားလျှော့ချမဲ့ ဝန်ထမ်းအများစုဟာ လုပ်ငန်းရဲ့ content moderation operations ပိုင်းမှာ လုပ်ကိုင်သူတွေဖြစ်ကြပြီး သူတို့ကို ဗုဒ္ဓဟူးနေ့ညမှာ အလုပ်က အနားပေးကြောင်း အီးမေးလ်ကနေ အသိပေးစာ ပေးပို့လာခဲ့တယ်လို့ ရိုက်တာရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
TIKTOK ကလည်း အဲဒီလို အလုပ်သမား လျှော့ချမှုကို ပြုလုပ်ကြောင်း အတည်ပြုထားပါတယ်။
ဒါပေမဲ့ အဲဒီလို လျှော့ချမှုအတွင်း မလေးရှားက ရုံးခွဲ ဝန်ထမ်း ဘယ်နှယောက်ပါမလဲဆိုတာကို အတိအကျ မပြောနိုင်ကြောင်း TIKTOK က ပြောပါတယ်။
TIKTOK ဟာ သူ့ရဲ့ လူမှုကွန်ရက်မှာ တင်လာတဲ့ အကြောင်းအရာတွေကို စိစစ်သုံးသပ်ဖို့ လူနဲ့စိစစ်တာနဲ့ အလိုက်အလျောက် စိစစ်တဲ့ နည်းလမ်း နှစ်မျိုးစလုံးကို သုံးစွဲနေတာပါ။
Bytedanceဟာ ကမ္ဘာတစ်ဝန်းက မြို့ပေါင်း (၂၀၀)ကျော်မှာ ဝန်ထမ်းပေါင်း (၁)သိန်းကျော်ကို အလုပ်ခန့်ထားပြီး လည်ပတ်နေတဲ့ လုပ်ငန်းဖြစ်ပါတယ်။
အခုလို ဝန်ထမ်း အင်အား လျှော့ချမှုဟာ မလေးရှားနိုင်ငံမှာ လုပ်ငန်းပိုင်း စည်းကမ်းထိန်းသိမ်းရေးဆောင်ရွက်ဖို့ ဖိအား တွေနဲ့ ရင်ဆိုင်လာနေရချိန်မှာ ပေါ်ပေါက်လာတာပါ။
မလေးရှားအစိုးရက နိုင်ငံတွင်းမှာ ဆိုက်ဘာပြစ်မှုတွေကို တိုက်ဖျက်ရေးအတွက် ရည်ရွယ်ပြီး ဆိုရှယ်မီဒီယာ အော်ပရေတာတွေအနေနဲ့ လုပ်ငန်းလိုင်စင်ကို ဇန်နဝါရီလ မတိုင်ခင် လျှောက်ထားဖို့ ညွှန်ကြားထားပါတယ်။
မလေးရှားနိုင်ငံမှာ အခုနှစ်ဆန်းပိုင်းမှာ ဆိုရှယ်မီဒီယာပေါ်မှာ ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေ ဖော်ပြမှု မြင့်တက်ခဲ့ပြီး ဒီအတွက် TIKTOK အပါအဝင် ဆိုရှယ်မီဒီယာတွေအနေနဲ့ သူတို့ရဲ့ လူမှုကွန်ရက်ပလက်ဖောင်းတွေကို စောင့်ကြည့်ထိန်းကျောင်းဖို့လည်း တိုက်တွန်းခဲ့ပါတယ်။