မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်က လမ်းမကြီးတစ်ခုမှာ ငါးရက်အတွင်း ဒုတိယမြောက် လမ်းမြေသားကျွံ ကျမှု ထပ်မံဖြစ်ပေါ်တဲ့နောက် ရေဆိုးထုတ်မြောင်းစနစ်တွေကို စစ်ဆေးသွားမယ်လို့ မလေးရှား အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပါတယ်။
အဲဒီစစ်ဆေးမှုကို ပြီးခဲ့တဲ့ အပတ်က ဖြစ်ခဲ့တဲ့ မြေကျွံကျမှုအတွင်း ပြုတ်ကျ ပျောက်ဆုံးသွားတဲ့ အိန္ဒိယခရီးသွားကို ရှာဖွေကယ်ဆယ်ရေးတွေ ဆောင်ရွက်မှု ပြီးဆုံးသွားတဲ့အခါမှာ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့အပတ် သောကြာနေ့က အသက် (၄၈)နှစ်အရွယ် ဗီဂျာယာ လတ်ချမီး လို့ခေါ်တဲ့ အိန္ဒိယခရီးသွား အမျိုးသမီးဟာ ဂျာလန် မက်စ်ဂျစ် အင်ဒီးယား လမ်းမပေါ် လမ်းလျှောက်နေရင်း မြေကျွံကျလို့ (၂၆)ပေနက်တဲ့မြေကျင်းထဲ ပြုတ်ကျပျောက်ဆုံးသွားခဲ့တာပါ။

ခြောက်ရက်ကြာမြင့်ချိန်ထိ သူ့ကို ရှာမတွေ့သေးဘဲရှိနေပါတယ်။
ဒုတိယမြောက် ဖြစ်ပေါ်တဲ့ မြေကြီးကျွံကျမှုကတော့ အခုအပတ် အင်္ဂါနေ့က တစ်နေလုံး မိုးသည်းထန်စွာ ရွာသွန်းပြီးတဲ့နောက် နောက်တစ်နေ့ ဗုဒ္ဓဟူးနေ့က အဲဒီလမ်းမှာပဲ ဖြစ်ပေါ်ခဲ့တာပါ။
အဲဒီမြေကျွံကျတဲ့ လမ်းဟာ ပြီးခဲ့တဲ့ လတုန်းက လမ်းပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ခဲ့ရသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒုတိယမြောက် မြေကျွံကျမှုမှာ သေဆုံးဒဏ်ရာရသူ မရှိပေမဲ့ တာဝန်ရှိသူတွေက ဂျလန် မတ်စ်ဂျစ် အင်ဒီးယား လမ်းမကြီးကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားလိုက်ပါတယ်။