ဗြိတိန်နိုင်ငံ မန်ချက်စတာလေဆိပ်မှာ အမျိုးသားတစ်ယောက်ကို တာဝန်ကျရဲက အကြမ်းပတမ်း ကန်ကျောက် ဖမ်းဆီးမှုဖြစ်ပွားပြီးတဲ့နောက် မြို့ ဆင်ခြေဖုံးရပ်ကွက်က ရဲစခန်းတစ်ခုမှာ လူစုလူဝေးဖြစ်ပေါ်ခဲ့ပါတယ်။
လူမှုကွန်ရက်က ဗီဒီယိုတွေမှာ ကားဒါဇင်များစွာဟာ အဲဒီရဲစခန်းဆီ သွားနေတာကို တွေ့ရပြီး ရဲစခန်းပြင်ပမှာ လူရာနဲ့ချီ စုဝေးနေသလို အဲဒီလူအုပ်ကို အမျိုးသားတစ်ယောက်က စကားပြောနေတာကိုလည်း တွေ့ရပါတယ်။ အဲဒီအမျိုးသားက အခုလို ဆန္ဒဖော်ထုတ်မှုက ကမ္ဘာတစ်ဝန်းက အဖိနှိပ်ခံတွေနဲ့ သွေးစည်းညီညွတ်ကြောင်း ပြသတာဖြစ်တယ်လို့ ပြောနေပါတယ်။
အဲဒီဆန္ဒဖော်ထုတ်ပွဲဟာ မန်ချက်စတာ လေဆိပ်မှာ ဗြိတိန်ရဲအရာရှိတစ်ယောက်က အမျိုးသားတစ်ယောက်ကို ဖမ်းဆီးစဉ် ခြေထောက်နဲ့ ကန် ၊ ခေါင်းကို တက်နင်းတဲ့ဖြစ်စဉ်ကို တုံ့ပြန်တဲ့အနေနဲ့ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ဖမ်းဆီးရေးမှာ အဲဒီလို အင်အားသုံးတာမျိုးဟာ ပုံမှန်မဟုတ်တဲ့ ဖြစ်စဉ်ဖြစ်ပြီး အများပြည်သူကြား ထိတ်လန့်မှုကို ဖြစ်စေခဲ့ကြောင်း မန်ချက်စတာရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ရဲတွေ ဟာ သတင်းအရ တိုက်ခိုက်မှုတစ်ခုကို တုံ့ပြန်မှုလုပ်ခဲ့ရာမှာ ရဲအရာရှိသုံးယောက်ဟာ ပြန်လည် တိုက်ခိုက်ခံရ တယ်လို့ ဖော်ပြထားပါတယ်။ ဗီဒီယိုထဲက ခြေနဲ့ ကန်ပြီး ဦးခေါင်းကို တက်နင်းတဲ့ ရဲကိုလည်း တာဝန်တွေကို ရုပ်သိမ်းထားပြီး ရဲစည်းကမ်းထိန်းသိမ်းရေးရုံးကို အသိပေးထားကြောင်း ဖော်ပြပါရှိပါတယ်။