၂၀၂၄ ကမ္ဘာ့စက်ရုပ်ညီလာခံကို သြဂုတ်လ ၂၁ ရက်က ဘေဂျင်းမှာ စတင်ကျင်းပခဲ့ပြီး ထိပ်တန်းကုမ္ပဏီတွေ၊ သုတေသနအင်စတီကျုတွေက တီထွင်ထားတဲ့ စက်ရုပ်တွေနဲ့ နောက်ဆုံးတိုးတက်မှုတွေကို ပြသခဲ့ကြပါတယ်။
လူကြိုက်အများဆုံး ပြပွဲတွေမှာ လူသားမျက်နှာအမူအရာကို ဖော်ပြနိုင်တဲ့ လူတူစက်ရုပ်တွေ ထိပ်ဆုံးက ပါဝင်ခဲ့ပါတယ်။
စက်ရုပ်ခွေးတွေနဲ့ စက်ရုပ်စားဖိုမှူးတို့လို ဖန်တီးမှုတွေကိုလည်း ပရိသတ်က နှစ်သက်ခဲ့ကြပါတယ်။

ညီလာခံကို လာရောက်လည်ပတ်သူတချို့ဟာ စက်ရုပ်စားဖိုမှူးက ပြုလုပ်ပေးတဲ့ တရုတ်စတိုင်မုန့်တွေရဲ့ အရည်အသွေးနဲ့ အဆင်ပြေမှုတို့ကို အထူးသဘောကျခဲ့ကြပါတယ်။
မုန့်ကို အစပ်နဲ့ အစပ်မဟုတ်တာ ရွေးချယ်ဝယ်နိုင်ပြီး ကြက်ဥထည့်ခိုင်းလို့လည်းရတယ်လို့ လာရောက်လေ့လာသူတစ်ယောက်က ရှင်းပြပါတယ်။
စက်ရုပ်ညီလာခံကို သြဂုတ် ၂၁ ရက်ကနေ ၂၅ ရက်အထိ ကျင်းပမှာဖြစ်ပြီး ဒီညီလာခံကို ၂၀၁၅ ခုနှစ်က စတင်ပြီး နှစ်စဉ်ကျင်းပခဲ့တာဖြစ်တယ်လို့ ညီလာခံရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။