နိပွန်စတီးလ်နဲ့ယူအက်စ်စတီးလ် သံမဏိလုပ်ငန်းတွေဟာ လုပ်ငန်းလက်လွှဲဝယ်ယူရေး စာချုပ်ကို ပိတ်ဆို့ တားမြစ်တဲ့အတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အစိုးရကို တရားစွဲဆိုလိုက်ပါတယ်။ သမ္မတဂျိုးဘိုင်ဒန်ဟာ အလုပ်သမားသမဂ္ဂတွေရဲ့ ထောက်ခံမှုကို ရဖို့အတွက် တရားဥပဒေစိုးမိုးမှုကို လျစ်လျူရှုပြီး ယူအက်စ်စတီးလ် လုပ်ငန်းကို နိပွန်စတီးလ်က ဝယ်ယူရေးကို ပိတ်ဆို့တားမြစ်ခဲ့တယ်လို့ဆိုပြီး နိပွန်စတီးလ်နဲ့ ယူအက်စ် စတီးလ် သံမဏိလုပ်ငန်းတွေက တနင်္လာနေ့မှာ အခုလို တရားစွဲဆိုလိုက်တာပါ။

ပြည်တွင်း သံမဏိထုတ်လုပ်ရေးလုပ်ငန်း ဟာ အမျိုးသားလုံခြုံရေး၊ ကုန်စည်နဲ့ဝန်ဆောင်မှုကွင်းဆက် ကြံ့ခိုင်မှုရှိရေးတို့အတွက် မရှိမဖြစ် အရေးပါတဲ့ စက်မှုလုပ်ငန်းဖြစ်တယ်လို့ ဆိုကာ ဘိုင်ဒန်က အဲဒီလုပ်ငန်းစာချုပ်ကို သောကြာနေ့မှာ ပယ်ချခဲ့တာပါ။ အဲဒီ စာချုပ်သာ အောင်မြင်ခဲ့ရင် ကမ္ဘာ့သံမဏိထုတ်လုပ်မှုရဲ့ (၆၀)ရာခိုင်နှုန်းကို ချုပ်ကိုင်ထားတဲ့ တရုတ်နဲ့ ယှဉ်ပြိုင် ရာမှာ နိပွန်စတီးလ်လုပ်ငန်းကို ပိုအားကောင်းစေမှာ ဖြစ်ပါတယ်။

နိပွန်စတီးလ်နဲ့ ယူအက်စ်စတီးလ် တို့ကတော့ သမ္မတ ဘိုင်ဒန်ဟာ အလုပ်သမား သမဂ္ဂတွေရဲ့ ထောက်ခံမှုကို ရဖို့အတွက် အဲဒီစာချုပ်ကို အစိုးရက လေ့လာ သုံးသပ်မှု မလုပ်ခင်ကဘဲ ကန့်ကွက်ကြောင်း ထုတ်ပြောခဲ့တယ်လို့ ပြောပါတယ်။ အမေရိကန်လုပ်ငန်းတွေကို ပြည်ပကနေ လက်လွှဲဝယ်ယူမှုကိစ္စရပ်တွေကို စိစစ်ခွင့်ပြုတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကော်မီတီကလည်း ဘိုင်ဒန်ရဲ့ နိုင်ငံရေးရပ်တည်ချက်ကို ထောက်ခံဖို့ အသုံးချခံခဲ့ရတယ်လို့ သံမဏိလုပ်ငန်းကြီးနှစ်ရပ်က စွပ်စွဲထား ပါတယ်။

ဒီအတွက် လုပ်ငန်းလက်လွှဲဝယ်ယူရေးစာချုပ်ကို ပြန်လည်သုံးသပ်ရေး အမိန့်ထုတ်ပြန်ပေးဖို့ တရားရုံး တော်မှာ နိပွန်စတီးလ်နဲ့ ယူအက်စ်စတီးလ်တို့က တောင်းဆိုထားပြီး အမေရိကန် စည်းလုံးညီညွတ်သော သံမဏိ အလုပ်သမားများ သမဂ္ဂ ဥက္ကဋ္ဌနဲ့တကွ ပြိုင်ဘက် သံမဏိလုပ်ငန်း ကလိ(ဗ်)လန်း ကလစ်(ဖ်)ရဲ့ အမှုဆောင် အရာရှိချုပ်တို့ကိုလည်း အရောင်းအဝယ်မဖြစ်အောင် တားဆီးမှုအတွက် တရားစွဲဆိုထားပါတယ်။