အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဒီမိုကရက်တစ်သမ္မတလောင်းနဲ့ ဒုသမ္မတဖြစ်သူ ကင်မလာ ဟဲရစ်တို့ဟာ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှု (၂၃)နှစ်မြောက် အထိမ်းအမှတ်ပွဲတစ်ခုကို တက်ရောက်ခဲ့ကြပါတယ်။
ယူနိုက်တက်လေကြောင်း ခရီးစဉ်(၉၃) လေယာဉ်ပျက်ကျခဲ့တဲ့ ပင်ဆယ်ဗေးနီးယားပြည်နယ်၊ ရှန့်ဗီလီက လွမ်းသူ့ပန်းခွေချ အခမ်းအနားကို တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီလေယာဉ်ပေါ်က ခရီးသည်တွေက ပြန်ပေးသမားတွေကို ခုခံပြီး လေယာဉ်ကို လယ်ကွင်းထဲမှာ ပျက်ကျစေကာ တခြားပစ်မှတ်တစ်ခုကို ထိမှန်မှာကနေ တားဆီးခဲ့တဲ့နေရာကို ဂုဏ်ပြုအထိမ်းအမှတ် ပြုလုပ်ထားပါတယ်။
၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုမှာ World Trade Center က လူ ၂၆၀၀ ကျော်၊ ပင်တဂွန်က ၁၈၉ ယောက်၊ လေယာဉ်လေးစင်း ပေါ်က ၂၆၅ ယောက်အပါအ၀င် လူပေါင်း ၃၀၀၀ နီးပါး သေဆုံးခဲ့ပါတယ်။
ရီပတ်ဘလီကန်သမ္မတလောင်းနဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်နဲ့ ပြိုင်ဘက် ဒုသမ္မတ ဟဲရစ်တို့အကြား အမေရိကန် သမ္မတရွေးချယ်ပွဲအတွက် စကားစစ်ထိုးပွဲအပြီး နောက်တစ်နေ့ စက်တင်ဘာ ၁၁ ရက် ရှန့်ဗီလီက အထိမ်းအမှတ်နေရာကို ဒေါ်နယ်ထရမ့် လည်း လာရောက်အလေးပြုခဲ့ပါတယ်။
ကင်မလာဟဲရစ်နဲ့ နောက်ထပ် စကားစစ်ထိုးပွဲလုပ်ဖို့ လတ်တလော အစီအစဉ် ရှိမထားပေမယ့် NBC နဲ့ FOX ရုပ်သံတွေမှာ အချေအတင်ဆွေးနွေးဖို့ လုပ်ဆောင်သွားးမယ်လို့ ပြောပါတယ်။