အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို ဆက်လက်ထောက်ခံအားပေးသွားမယ်လို့ နယူးယောက် ၊ မင်နီဆိုးတားနဲ့ မေရီလန်းပြည်နယ် အုပ်ချုပ်ရေးမှူးတွေက ဗုဒ္ဓဟူးနေ့မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့အပတ် သမ္မတလောင်းတွေရဲ့ စကားစစ်ထိုးပွဲမှာ ဘိုင်ဒန် အခြေမလှဖြစ်ခဲ့ပြီးနောက် ဘိုင်ဒန်နဲ့ ဆွေးနွေးစကားပြောဆိုမှု တွေ လုပ်ပြီးအချိန်မှာ ဒီမိုကရက် ပြည်နယ်အုပ်ချုပ်ရေးမှူးတွေက အခုလို ထုတ်ဖော် ကြေညာလိုက်တာပါ။
သမ္မတဟာ သူတို့ကို အမြဲထောက်ခံမှုပေးသလို သူတို့ကလည်း သမ္မတကို ဆက်လက်ထောက်ခံအားပေးသွားမှာ ဖြစ်တယ်လို့ မေရီလန်းပြည်နယ် အုပ်ချုပ်ရေးမှူး ဝက်စ် မိုးရ် က သမ္မတဘိုင်ဒန် ၊ ဒုသမ္မတ ဟဲရစ်၊ ဒီမိုကရက် ပြည်နယ်အုပ်ချုပ်ရေးမှူး ၂၄ ယောက် ၊ ဝါရှင်တန်ဒီစီမြို့တော်ဝန်တို့နဲ့ တွေ့ဆုံမှုအပြီးမှာ သတင်းထောက်တွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
စကားစစ်ထိုးပွဲအတွင်း ဘိုင်ဒန်ရဲ့ အရေးမလှဖြစ်ခဲ့တဲ့အပေါ် မဲဆန္ဒရှင်ပြည်သူတွေ ရဲ့ အနုတ်သဘောဆောင်တဲ့ သဘောထားမှတ်ချက်တွေကို လက်ခံရရှိပါကြောင်း၊ နိုဝင်ဘာ(၅)ရက် ရွေးကောက်ပွဲ မတိုင်ခင်မှာ လုပ်ဖွယ်ဆောင်တာကိစ္စတွေရှိနေပေမဲ့ ဘိုင်ဒန်က သူဆက်ပြိုင်မယ်လို့ ရှင်းရှင်းလင်းလင်း ပြောထား ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ဝက်စ် မိုးရ်က ဆက်ပြောသွားပါတယ်။
သမ္မတလောင်း စကားစစ်ထိုးပွဲမှာ ဘိုင်ဒန်က ထရမ့်ရဲ့ ဝေဖန်တိုက်ခိုက်မှုတွေကို ချက်ကျလက်ချ ပိုင်ပိုင်နိုင်နိုင် မတုံ့ပြန်နိုင်ခဲ့ဘဲ အရေးမလှဖြစ်ခဲ့တဲ့ နောက် ဒီမိုကရက် နိုင်ငံရေးအသိုင်းအဝန်းထဲမှာ သမ္မတဘိုင်ဒန်ကို သမ္မတလောင်းအဖြစ်ကနေ နုတ်ထွက်ဖို့ ပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။
အခုအိမ်ဖြူတော်တွေ့ဆုံပွဲကို ပြည်နယ်ဒီမိုကရက်ခေါင်းဆောင်တွေ တစ်ဒါဇင်ကျော် တက်ရောက်ခဲ့ကြပေမဲ့ အဲဒီအထဲမှာ ပြည်နယ်အုပ်ချုပ်ရေးမှူး သုံးယောက်ကပဲ တွေ့ဆုံပွဲအပြီး သတင်းထောက်တွေနဲ့ စကားပြောခဲ့တာ ဖြစ်ပါတယ်။