တရုတ်နဲ့ ရုရှားတို့ဟာ နှစ်ပတ်လည် စစ်ရေးထိတွေ့ဆက်ဆံမှု အစီအစဉ်အရ ဇူလိုင် ၂၅ ရက်က ဘာရင်းပင်လယ် မှာ မဟာဗျူဟာမြောက် ပူးတွဲလေကြောင်း ကင်းလှည့်မှုတွေ ပြုလုပ်ခဲ့တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့ပါတယ်။
အလာစကာ လေကြောင်းကာကွယ်ရေးစိစစ်ဇုန်မှာ အမေရိကန်နဲ့ ကနေဒါ တိုက်လေယာဉ်တွေက ရုရှားနဲ့ တရုတ် စစ်လေယာဉ်တွေကို ကြားဖြတ်ဟန့်တားခဲ့တယ်လို့ အမေရိကန် တပ်မတော်ရဲ့ မြောက်အမေရိက လေကြောင်း ကာကွယ်ရေးကွပ်ကဲမှုက ထုတ်ပြန်ပြီးနောက် တရုတ်ဘက်က ပြောဆိုခဲ့တာပါ။

ဇူလိုင် ၂၄ ရက်က ရုရှား Tu-95 ဗုံးကြဲလေယာဉ်နှစ်စင်းနဲ့ တရုတ် H-6 ဗုံးကြဲလေယာဉ်နှစ်စင်း တို့ကို ကြားဖြတ်ဟန့်တားခဲ့တာလို့ အမေရိကန်က ပြောဆိုခဲ့ပါတယ်။
ဘာရင်းပင်လယ်ပြင်မှာ ကင်းလှည့်မှုဟာ တရုတ်-ရုရှား တပ်မတော်နှစ်ရပ်ကြား မဟာဗျူဟာမြောက် အပြန်အလှန်ယုံကြည်မှုနဲ့ ညှိနှိုင်းဆောင်ရွက်မှုကို နက်ရှိုင်းစေခဲ့ပြီး ဘယ်ပြင်ပ အဖွဲ့အစည်းကိုမှ ပစ်မှတ်မထားဘဲ နိုင်ငံတကာနဲ့ ဒေသတွင်းအခြေအနေတွေနဲ့လည်း မသက်ဆိုင်ဘူးလို့ ပြောရေးဆိုခွင့်ရှိသူ ကျန် ရှားကန်က ပြောဆိုခဲ့ပါတယ်။
ဇူလိုင် ၂၁ ရက်ကတော့ ရုရှား တိုက်လေယာဉ်တွေ ရိုမေးနီးယားနိုင်ငံဘက် ပျံသန်းနေစဉ် စကင်ဒီနေဗီးယန်းမြောက်ဘက်နဲ့ ရုရှားအရှေ့ပိုင်း ဘာရင်းပင်လယ် နိုင်ငံတကာလေပိုင်နက်မှာ အမေရိကန် B-52 ဗုံးကြဲလေယာဉ်နှစ်စင်းကို ကြားဖြတ် ဟန့်တား ခဲ့တယ်လို့ သိရပါတယ်။