ကြီးမားကျယ်ပြန့်တဲ့ အမေဇုန်မိုးသစ်တောကို ဖြတ်သန်းစီးဆင်းတဲ့ မြစ်တွေမှာ စံချိန်တင်မိုးခေါင်ပြီးနောက် ရေ ပမာဏ ကျဆင်းသွားတဲ့အတွက် ဒေသခံ ရီဘီးနီးစ်လူမျိုးတွေအတွက် မကြုံစဖူး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
မြစ်ချောင်းတွေဟာ သွားလာဖို့ ခက်ခဲလာပြီး သုံးစွဲဖို့ရေက အလွန်ညစ်ပတ်လာလို့ ကျေးလက်နေ ပြည်သူ အများအပြားဟာ ပြင်ပက သောက်သုံးရေကို မှီခိုအားထားလာရပါတယ်။
အိမ်တွေကနေ ရေရှိတဲ့ မြစ်ကမ်းရှိရာကို ပိုမိုဝေးကွာစွာ လမ်းလျှောက်ရတဲ့အတွက် သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးပြဿနာရှိသူတွေ ပင်ပန်းတကြီး ရုန်းကန်နေရပါတယ်။

ဒေသခံတွေဟာ များသောအားဖြင့် မြစ်ရေကို တိုက်ရိုက်ရယူသုံးစွဲတာ ဒါမှမဟုတ် ချိတ်ဆက်ထားတဲ့စနစ်တွေကနေ သုံးစွဲတာဖြစ်တဲ့အတွက် မြစ်ရေ သိသိသာသာ ကျဆင်းသွားတဲ့အခါ အခက် တွေ့လာရတာပါ။
အမေဇုန်မြစ်ဝှမ်းရှိ မြစ်တွေအားလုံးရဲ့ ရေပမာဏဟာ သမိုင်းဝင်အဆင့်အောက်ကို ကျဆင်း သွားဖွယ်ရှိကြောင်း ဘရာဇီးဘူမိဗေဒဌာနက မကြာသေးခင် ရက်ပိုင်းအတွင်းက သတိပေးခဲ့ပါတယ်။
တောမီးတွေလည်း လောင်ကျွမ်းနေတဲ့ ဘရာဇီးမှာ ရေနည်းပါးမှုကြောင့် နိုင်ငံရဲ့ နံပါတ်တစ် စိုက်ပျိုးရေးဒေသဖြစ်တဲ့ မာတိုဂရိုစို လို အနောက်အလယ်ပိုင်း ပြည်နယ်တွေမှာ ပဲပိစပ်နဲ့ ပြောင်းတင်ပို့မှုတွေကို ထိခိုက်စေတယ်လို့ သိရပါတယ်။