ထိုင်းနိုင်ငံ ဘန်ကောက်မြို့ လူစည်ကားရာ နေရာတစ်ခုမှာ ကမ္ဘောဒီးယား အတိုက်အခံလွှတ်တော်အမတ်ဟောင်း တစ်ယောက် သေနတ်နဲ့ပစ်သတ်ခဲ့ရတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောကြားထားတာကို ဘန်ကောက်ပို့စ် သတင်းမှာ ရေးသားထားပါတယ်။

အသက် ၇၃ နှစ်အရွယ် ပြင်သစ်နိုင်ငံသား ခံယူထားသူ ကမ္ဘောဒီးယား အတိုက်အခံ လွှတ်တော်အမတ်ဟောင်း တစ်ယောက်ဖြစ်တဲ့ လင်မ်ကင်မ်ယာ ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ မော်တော်ဆိုင်ကယ်စီး သေနတ်သမား တစ်ယောက်ရဲ့ ပစ်ခတ်မှုကို ခံခဲ့ရတာလို့ ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါ တယ်။ လင်မ်ကင်မ်ယာဟာ အခင်းဖြစ်ခဲ့တဲ့ နေရာမှာပဲ ချက်ချင်း သေဆုံးခဲ့ပြီး လက်ရှိမှာ သံသယရှိသူကို စုံစမ်း ရှာဖွေနေကြောင်း ဘန်ကောက် မက်ထရိုပိုလီတန် ရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။

လင်မ်ဟာ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် လက်ထက်တုန်းက အဓိက အတိုက်အခံ နိုင်ငံရေး အင်အားစုအဖြစ် ရပ်တည်ခဲ့တဲ့ ကမ္ဘောဒီးယား အမျိုးသားကယ်ဆယ်ရေးပါတီ(CNRP)အဖွဲ့ဝင် တစ်ယောက်ဖြစ်ပါ တယ်။ အဲဒီပါတီကတော့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ ဖျက်သိမ်းတာ ခံခဲ့ရပါတယ်။

ဘန်ကောက်ရဲ့ လူစည်ကားရာ အထင်ကရ နေရာတစ်ခုမှာ ရဲတင်းလှတဲ့ လူသတ်မှု ကျူးလွန်သွားတာဟာ နိုင်ငံရေးလုပ်ကြံမှု တစ်ခုအဖြစ် မြင်သာနေပြီး ကမ္ဘာဒီးယားရဲ့ အစိုးရ အပြောင်းအလဲမှာလည်း အတိုက်အခံ တွေအပေါ် ဖိနှိပ်မှုတွေ ဆက်ရှိနေတယ် ဆိုတာကို ထင်ဟပ်စေတယ်လို့ အာရှ လူ့အခွင့်အရေးနဲ့ အလုပ်သမား အရေး ကူညီရေးအဖွဲ့ ဒါရိုက်တာ ဖီးလ်ရောဘတ်ဆန်က ပြောပါတယ်။