ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မုတ်သုန်မိုး သည်းထန်စွာ ရွာသွန်းမှုနဲ့အတူ ဖြစ်ပေါ်နေတဲ့ ရေဘေးအတွင်း သေဆုံးသူ (၂၃) ယောက်အထိ ရှိလာပြီး မိသားစုပေါင်း တစ်သန်းကျော်ဟာလည်း ရေဘေးသင့်နေကြရတယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောပါတယ်။
ရေဟာ ဖြည်းဖြည်းချင်း ကျဆင်းနေပေမဲ့ ရေဘေးသင့် လူဦးရေ ငါးသန်းကျော် လောက်ဟာ ရေကြီးမှုကြောင့် ပြင်ပနဲ့ အဆက်အသွယ်ပြတ်တောက်ပြီး အစားအစာ၊ ဆေးဝါးနဲ့ အဝတ်အထည်တွေ အဆောတလျင် လိုအပ်နေပါတယ်။
ကျေးလက်ဒေသတွေမှာ လမ်းတွေ ပိတ်ဆို့သွားလို့ ကယ်ဆယ်ရှာဖွေ လုပ်ငန်းတွေ လုပ်မရဘဲ နှောင့်နှေးမှုတွေနဲ့ ကြုံနေရပါတယ်။

မုတ်သုန်မိုး ဆက်ရွာနေဦးမယ်ဆိုရင် လက်ရှိ ရေကြီးမှုဟာ အဆုံးသတ်ဖွယ်မရှိသေးဘူးလို့ ဘင်္ဂလားဒေ့ရှ်မိုးလေဝသဌာနက ပြောပါတယ်။
နိုင်ငံတစ်ဝန်းက လယ်မြေဧက အများအပြား ရေမြုပ်သွားတဲ့အတွက် ဒီအတိုင်းသာ အချိန်ကြာကြာ ရေဆက်မြုပ်နေမယ်ဆိုရင် ကောက်ပဲသီးနှံတွေ ပျက်စီးဆုံးရှုံးရနိုင်ဖွယ် ရှိနေတယ်လို့လည်း စိုက်ပျိုးရေးဝန်ကြီးဌာနဘက်က သတိပေးထား ပါတယ်။