အမေရိကန် စွန့်ဦးတီထွင်လုပ်ငန်းရှင်နဲ့ X လူမှုကွန်ရက်မီဒီယာ တည်ထောင်သူ အီလွန်မက်စ်က ဗြိတိန်မှာ ပြည်တွင်းစစ်ကို ရှောင်လွှဲမရတော့ဘူးလို့ ဝေဖန်မှတ်ချက်ပြုလိုက်ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် စတာမာက နိုင်ငံတစ်လွှားပေါ်ပေါက်နေတဲ့ အကြမ်းဖက် ဆန္ဒထုတ်ဖော်မှုတွေကို ဆိုရှယ်မီဒီယာတွေက ပိုမိုဆိုးရွားစေခဲ့တယ် လို့ အပြစ်ဖို့ခဲ့တဲ့နောက် အီလွန်မက်စ်က အခုလို တန်ပြန် စိန်ခေါ်မေးခွန်းပြန်ထုတ်ခဲ့တာပါ။
ဗြိတိန်ထဲက မငြိမ် သက်မှုတွေအတွက် အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းဝင်ရောက်မှုနဲ့ နယ်စပ်တွေကို ဖွင့်ပေးမှုတို့အပေါ် အပြစ်တင် ထားတဲ့ ဆိုရှယ်မီဒီယာပို့စ်ကို တုံ့ပြန် မှတ်ချက်ပေးရာမှာ ပြည်တွင်းစစ်ဟာ ရှောင်လွှဲလို့မရနိင်တော့ဘူးလို့ ဆိုပြီး မက်စ်က ရေးသားခဲ့တာပါ။
တနင်္လာနေ့ကလည်း စတာမာရဲ့ အကောင့် စာမျက်နှာအောက်က မှတ်ချက်တစ်ခုကို စာပြန်ရာမှာ အီလွန်မက်စ်က လူမှုအသိုင်းအဝိုင်းအားလုံး တိုက်ခိုက်ခံရနေတာတွေအပေါ်မှာရော သင်စိတ်မပူသင့် ဘူးလား ဆိုပြီး ပြန်လည်မှတ်ချက်ပေးထားခဲ့တာကို တွေ့ရပါတယ်။
အင်္ဂါနေ့မှာ တင်တဲ့ ပို့စ်တစ်ခုမှာလည်း ဖေ့စ်ဘုတ်စာမျက်နှာတစ်ခုအောက်မှာ ဝင်ရောက်မှတ်ချက်ပြုခဲ့လို့ အမျိုးသားတစ်ယောက် ဖမ်းဆီးခံရတဲ့ ဗီဒီယို ပို့စ်အောက်မှာလည်း ဖေ့စ်ဘုတ်မှာ မှတ်ချက်ပေးခဲ့လို့ အဖမ်းခံရတယ်၊ ဒါက ဗြိတိန်လား ဆိုဗီယက်ယူနီယံလား ဆိုပြီး မေးခွန်းထုတ် မှတ်ချက်ပြန်ပေးခဲ့ပါတယ်။
အင်္ဂါနေ့ ညနေပိုင်းမှာတော့ မက်စ်က ဗြိတိန်နိုင်ငံထဲက လူမှုအသိုင်းအဝိုင်းတွေအားလုံး ဘာလို့ အကာအကွယ် မရတာလဲဆိုတဲ့ ပို့စ်ကို ရေးတင်ရာမှာလည်း ဝန်ကြီးချုပ် စတာမာကို Tag တွဲတင်ခဲ့ပါတယ်။
တချို့လူမှုအသင်းအပင်းတွေအပေါ်မှာ ရဲတပ်ဖွဲ့ရဲ့ မတူညီတဲ့ ပြုမူဆက်ဆံပုံကို ရည်ရွယ်ထောက်ပြတဲ့အနေနဲ့ အဲဒီပို့စ်ရဲ့ Hashtag မှာလည်း မူနှစ်မျိုးရှိတဲ့ လမ်းစဉ်ဆိုပြီး ထည့်ထားတာကို တွေ့ရပါတယ်။
အဲဒီပို့စ်တွေနဲ့ ပတ်သက်ပြီး စကိုင်းနယူးစ် သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ဗြိတိန်တရားရေးဝန်ကြီး ဟေဒီ အလက်ဇန်းဒါးက ပြည်တွင်းစစ်ကို ရောင်လွှဲမရတော့ဘူးဆိုတဲ့ အသုံးအနှုန်းဟာ လုံး၀ မှန်ကန်မျှတမှု မရှိဘူးလို့ တုံ့ပြန် ရှုတ်ချလိုက်ပါတယ်။