ဗြိတိန်နဲ့ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဂါဇာမှာ အပစ်အခတ်ရပ်စဲရေး အရေးပေါ်တောင်းဆိုဖို့ သြဂုတ် ၁၆ ရက်က ဂျေရုဆလင်ကို ရောက်ရှိနေပါတယ်။

အဲဒီအချိန်မှာ လူအုပ်စုငယ်တွေဟာ ဗြိတိန်ကောင်စစ်ဝန်ရုံး အပြင် ဘက်မှာ စစ်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဗြိတိန်ဝန်ကြီး ဒေးဗစ် လမ်မီနဲ့ ပြင်သစ်ဝန်ကြီး စတီဖန် ဆီဂျုံနီးတို့ရဲ့ ခရီးစဉ်ဟာ ဒိုဟာမှာ ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲအသစ် စတင်နေချိန် ဖြစ်ပါတယ်။

ပါလက်စတိုင်းနယ်မြေအတွင်း ၁၀ လကြာ တိုက်ပွဲတွေ အဆုံးသတ်ကာ အစ္စရေးနဲ့ ပြည်ပ ဓားစာခံ ၁၁၅ ယောက်ကို အိမ်ပြန်ခေါ်ဆောင်ဖို့ ကြိုးပမ်းမှုတစ်ခု ဖြစ်ပါတယ်။

ဇူလိုင် ၃၁ ရက်က တီဟီရန် မှာ ဟားမာ့စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယက် လုပ်ကြံခံရမှုအပြီး အစ္စရေးကို လက်တုံ့ပြန်ဖို့ အီရန်က ကတိပြု ထားချိန်မှာ ဆွေးနွေးပွဲတွေ ထွက်ပေါ်လာတာပါ။

ဗြိတိန်နဲ့ ပြင်သစ်တို့ဟာ ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ် ရပ်စဲရေးနဲ့ အစ္စရေး-လက်ဘနွန်နယ်စပ်တစ်လျှောက် ငြိမ်းချမ်းရေး ပြန်လည်ရရှိအောင် သံတမန်နည်းလမ်းအရ အဖြေရှာဖို့ တောင်းဆိုထားကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။