ဆောက်(သ်)ပို့(တ်)မြို့မှာ ကလေးတွေ ဓားထိုးခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အကြမ်းဖက် ဆန္ဒဖော်ထုတ်မှုတွေဟာ တခြားမြို့တွေဆီ ကူးစက်ဖြစ်ပွားနေရာမှာ တနင်္ဂနွေနေ့က ရော့သာသမ်မြို့ ဟိုတယ်တစ်ခုအနီးမှာ ဆန္ဒဖော်ထုတ် သူတွေ စုရုံးခဲ့ကြပါတယ်။
ရွှေ့ပြောင်းအခြေချဝင်ရောက်မှုကို ဆန့်ကျင်သူတွေဟာ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေကို ခဲတွေနဲ့ ပစ်ပေါက်ပြီး အဲဒီဟိုတယ်ကိုလည်း မီးရှို့ခဲ့ကြပါတယ်။
ရော့သာသမ်မြို့လမ်းတွေပေါ်မှာ ယူနီယံဂျက် အလံတွေနဲ့ အင်္ဂလန်အလံတွေကို ကိုင်ဆောင်ပြီး ရဲတွေကို ကြိမ်းမောင်းဆဲဆိုတဲ့ ကြွေးကြော်သံတွေကို ဟစ်ကြွေးခဲ့ပါတယ်။
အင်္ဂလန်အရှေ့ပိုင်းက ဟူးလ်စီးတီးမှာလည်း ဆန္ဒဖော်ထုတ်မှုဖြစ်ပေါ်ခဲ့ပြီး ကျန်ရစ်ခဲ့တဲ့ အပျက်အစီး တွေကို တာဝန်ရှိသူတွေက ရှင်းလင်းရာမှာ မြို့ခံတွေကလည်း ဝင်ရောက်ကူညီ ရှင်းလင်းပေးခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ အပတ်က အင်္ဂလန်အနောက်မြောက်ပိုင်း ဆောက်(သ်)ပို့(တ်)မြို့က ကပွဲတစ်ခုအနီးမှာ ဓားထိုးခံရလို့ မိန်းကလေး ငယ် (၃)ယောက် သေဆုံးခဲ့ရပါတယ်။
လူသတ်မှုကျူးလွန်သူဟာ အစ္စလာမ္မစ် အခြေခံဝါဒီဖြစ်တယ်ဆိုတဲ့ သတင်း မှားတွေ ပျံ့ခဲ့ရာကနေ ရွှေ့ပြောင်းအခြေချဝင်ရောက်မှုကို ဆန့်ကျင်သူတွေနဲ့ မွတ်ဆလင် ဆန့်ကျင်ရေးသမားတွေ က နိုင်ငံတစ်လွှား မြို့တွေမှာ အခုလို အကြမ်းဖက် ဆန္ဒဖော်ထုတ်မှုတွေ လုပ်ခဲ့ကြတာပါတယ်။
ရဲတပ်ဖွဲ့ကတော့ အဲဒီသံသယတရားခံဟာ ဗြိတိန်မှာပဲ မွေးဖွားသူလို့ ပြောဆိုထားပြီး မီဒီယာတွေကလည်း တရားခံရဲ့ မိသားစုဟာ ခရစ်ယန်ဘာသာဝင်တွေလို့ ဖော်ပြထားပါတယ်။
အဲဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ဗြိတိန်ဝန်ကြီးချုပ် ကားရ်စတာမာက နိုင်ငံကို မိန့်ခွန်းပြောရာမှာ အဲဒီဖြစ်စဉ်တွေဟာ လက်ယာစွန်းတွေရဲ့ ဆိုးသွမ်းတဲ့ လုပ်ရပ်တွေအဖြစ် ပြစ်တင်ရှုတ်ချသွားပြီး ထိထိရောက်ရောက် အရေးယူမှုတွေ လုပ်သွားမယ်လို့ ပြောပါတယ်။
အဲဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အရေးပေါ်တုံ့ပြန်ရေး အစည်းအဝေးတစ်ရပ်ကိုလည်း ဗြိတိန်အစိုးရက ခေါ်ယူဖို့ရှိနေပါတယ်။