ဗီယက်နမ်နိုင်ငံက ဟနွိုင်းနဲ့ ဟိုချီမင်းမြို့အကြား အမေရိကန်ဒေါ်လာ ၆၇ ဘီလီယံကုန်ကျမယ့် မြန်နှုန်းမြင့် ရထားလမ်းစနစ်တည်ဆောက်သွားမှာဖြစ်ပါတယ်။ နိုင်ငံမြောက်ပိုင်းမြို့တော်ကနေ တောင်ပိုင်းက စီးပွားရေး အချက်အချာကို ဆက်သွယ်မဲ့ ကီလိုမီတာ ၁၅၀၀ ကျော်ရှည်လျားတဲ့ ရထားလမ်းသစ်ဟာ လက်ရှိရထားခရီးစဉ် ကြာချိန် နာရီ ၃၀ ကို ၅ နာရီအထိ လျှော့ချနိုင်မယ်လို့ ဆိုပါတယ်။

တောင်- မြောက် ဝင်ရိုးပေါ်က မြန်နှုန်းမြင့် ရထားလမ်းစီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှု မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက် ကို အမျိုးသားလွှတ်တော်က အတည်ပြုဆုံးဖြတ်ခဲ့တာပါ။ ၂၀၁၀ ပြည့်နှစ်တုန်းကတော့ အဲဒီစီမံကိန်းရဲ့ အမေရိ ကန် ဒေါ်လာ ၅၆ ဘီလီယံတန် ကုန်ကျစရိတ်ကို စိုးရိမ်တဲ့အတွက် အမျိုးသားလွှတ်တော်က ဖျက်သိမ်းခဲ့တာပါ။
ဒါပေမဲ့ လာအိုနဲ့ အင်ဒိုနီးရှားတို့မှာ မကြာသေးခင်နှစ်တွေအတွင်းက ရထားလိုင်းတွေပြီးစီးခဲ့ပြီး အရှေ့တောင် အာရှတစ်ခွင် မြန်နှုန်းမြင့်ရထားလမ်းစီမံကိန်းတွေ အရှိန်အဟုန်ကြီးထွားလာတာကြောင့် ဗီယက်နမ်စီမံကိန်း အပေါ် သက်ရောက်မှုအလားအလာကလည်း သိသိသာသာ ပြောင်းလဲလာခဲ့ပါတယ်။ရထားလမ်းသစ်ဟာ မြို့ကြီး ၂၀ က ဘူတာ ၂၃ ခုမှာ ရပ်နားမှာဖြစ်ပြီး ဒေသတွေအကြား ချိတ်ဆက်မှု မြှင့်တင်ကာ ဒေသခံတွေအတွက် ခရီးသွားဖို့ ရွေးချယ်စရာတွေ ပိုမိုပေးအပ်သွားမှာပါ။

စီမံကိန်းကို ၂၀၂၇ ခုနှစ်ကစတင်ပြီး ၈ နှစ်နဲ့ အပြီးတည်ဆောက်သွားမယ်လို့ သိရပါတယ်။ ဗီယက်နမ်ရဲ့ သယ်ယူပို ဆောင်ရေး အခြေခံအဆောက်အအုံဟာ အတော်လေး အားနည်းနေသေးတယ်လို့ ယူဆရပြီး လမ်းကွန်ရက်ဟာ သုံးစွဲလိုအားကို အမီလိုက်နိုင်ဖို့ ရုန်းကန်နေရသလို ရထားလမ်းစနစ်လည်း မဖွံ့ဖြိုးသေးပါဘူး။ လမ်းတွေတိုးချဲ့နေ ပေမဲ့ ဗီယက်နမ်ရဲ့ အမြန်လမ်း သိပ်သည်းဆဟာ ဒေသတွင်းမှာ အနိမ့်ဆုံးထဲပါဝင်ပြီး ကုန်းလမ်းသယ်ယူပို့ဆောင် ရေးကုန်ကျစရိတ် အမြင့်ဆုံးဖြစ်ပါတယ်။