ပစိဖိတ်သမုဒ္ဒရာအတွင်းက ဗန်နျူရာတူနိုင်ငံမှာ ပြင်းအားအဆင့် (၇ ဒသမ ၃) မဂ္ဂနီကျူရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့ ပြီးနောက် ရှာဖွေကယ်ဆယ်မှုတွေလုပ်ရာမှာ သေဆုံးသူအရေအတွက်ဟာလည်း တနင်္လာနေ့မှာ (၁၄)ယောက်ထိ ရှိလာနေပါတယ်။

ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် အားကောင်းတဲ့ နောက်ဆက်တွဲ ငလျင်တွေလည်း ဆက်လက် လှုပ်ခတ်ခဲ့တာကြောင့် အဲဒီဖြစ်စဉ်တွေမှာ ဒဏ်ရာရရှိခဲ့သူ (၂၀၀)ကျော်လောက်ဟာလည်း ဆေးရုံတွေမှာ ဆေးကု သမှု ခံယူနေရပါတယ်။ ငလျင်ကြောင့် အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်နဲ့ နယူးဇီလန် သံရုံးတွေ အပါအဝင် နေအိမ် တိုက်တာတွေ ထိခိုက် ပျက်စီးခဲ့ရပါတယ်။

လျှပ်စစ်ဓာတ်အားနဲ့ ဖုန်းလိုင်းတွေလည်း ပြတ်တောက်နေပါတယ်။ ဗန်နျူရာတူ ရဲတပ်ဖွဲ့က ငလျင်လှုပ်ခတ်ပြီးနောက် ရှာဖွေကယ်ဆယ်ရေးတွေ လုပ်နေချိန်မှာ အများပြည်သူရဲ့ သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်ထားဖို့အတွက် (၇)ရက်တာ ကြာမြင့်မဲ့ အရေးပေါ်အခြေအနေတစ်ရပ် ကြေညာထားကြောင်း ပြောပါတယ်။

သေဆုံးသူတွေထဲက (၄)ယောက်က ဆေးရုံကိုရောက်ပြီးမှ သေဆုံးခဲ့တာပါ။ (၆)ယောက်ကတော့ မြေပြိုမှုအတွင်း သေဆုံးခဲ့တာဖြစ်ပြီး နောက်(၄)ယောက်ကတော့ အဆောက်အဦတစ်ခု ပြိုကျမှုထဲက ဖြစ်တယ်လို့ ပြောပါတယ်။ သေဆုံးသူအရေအတွက်ဟာလည်း ဆက်လက်မြင့်တက်လာဖွယ် ရှိနေတယ်လို့ ခန့်မှန်းရပါတယ်။