ဗင်နီဇွဲလား ရွေးကောက်ပွဲမှာ လက်ရှိသမ္မတရော အတိုက်အခံဘက်ကပါ အနိုင်ရတယ်လို့ အသီးသီး ကြေညာပါ တယ်။
မဲပေးမှုစုစုပေါင်း ၇၃ % ကျော် ရေတွက်ပြီးချိန်မှာ အဲလ်မွန်ဒို ဂွန်ဇာလက် ဟာ ရွေးကောက် တင်မြှောက် ခံရတဲ့ သမ္မတဖြစ်ကြောင်း အတိုက်အခံခေါင်းဆောင် မာချာဒိုက ပရိသတ်ရှေ့မှောက်မှာ ဇူလိုင် ၂၉ ရက်က ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲကော်မရှင်ကတော့ လက်ရှိသမ္မတ နီကိုးလပ်စ် မာဒူရို အနိုင်ရကြောင်း ထုတ်ပြန်တာနဲ့ မာဒူရိုအတွက် တတိယအကြိမ်မြောက် ရာထူးသက်တမ်း တိုးပေးထားပါတယ်။
၂၅ နှစ် ကြာ ဆိုရှယ်လစ်ပါတီ အုပ်ချုပ်မှု သက်တမ်းတိုးတဲ့ရလဒ်ကို လွတ်လပ်တဲ့မဲဆန္ဒရှင်တွေက ယုံကြည်ဖွယ်မရှိဘူးလို့ ပြောဆိုကြပြီး မဲစာရင်းတွေ ထုတ်ပြန်ဖို့ အတိုက်အခံခေါင်းဆောင်တွေနဲ့ ပြည်ပ စောင့်ကြည့် လေ့လာသူတွေက ရွေးကောက်ပွဲအာဏာပိုင်ကို တိုက်တွန်းခဲ့ပါတယ်။
အဲလ်မွန်ဒို ဂွန်ဇာလက်က မဲအမျိုးအစားအလိုက်နဲ့ သင်္ချာနည်း အရ နောက်ပြန်မဆုတ်နိုင်တဲ့ အောင်ပွဲတွေရထားတဲ့ မှတ်တမ်းတွေ ရှိနေတယ်လို့ ပြောဆိုခဲ့ပါတယ်။ အတိုက်အခံ တွေ လက်ဝယ်ရထားတဲ့ စာရင်းဇယားတွေအရ မာဒူရိုက စုစုပေါင်းမဲ ၂ ဒသမ ၇၅ သန်းနဲ့ ပြိုင်ဘက် သံတမန် ဟောင်း အဲလ်မွန်ဒို ဂွန်ဇာလက်က ၆ ဒသမ ၂၇ သန်း ရှိတယ်လို့ မာချာဒိုက ပြောပါတယ်။
ရွေးကောက်ပွဲ ကော်မရှင်ကတော့ ဂွန်ဇာလက်ဇ်က မဲ ၄ ဒသမ ၄၅ သန်း ရခဲ့ပြီး မာဒူရိုက ၅ ဒသမ ၁၅ သန်းနဲ့ အနိုင်ရခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ မာဒူရိုဟာ ဆန္ဒမဲ ၅၁ ရာခိုင်နှုန်းနဲ့ အနိုင်ရပြီး ၂၀၂၅ ခုနှစ်ကနေ ၂၀၃၁ ခုနှစ်အထိ သမ္မတတာဝန် ဆက်ယူမယ်လို့ ကြေညာခဲ့ပါတယ်။